Monday, December 9, 2013

တစ်နှစ်ပတ်လုံး ဂျလုံးပလုံး

ခရစ္စမတ်ညမှာ မြေစာပင်
နှစ်သစ်ကူးညမှာ မြေကျင်းကြီး
တစ်မြေတည်းနေ တစ်ရေတည်းသောက်
တစ်စစ်ပွဲထဲ တစ်ယောက် တစ်ဖက် ခွဲပြီးတိုက်လို့
အပစ်အခတ်ရပ်စဲတယ်ဆိုတာ ပြောတဲ့စကား မဆုံးခင်အချိန်ထိ
တောင်ကြားနယ်စပ်မြို့ကလေးက ခြောက်ကပ်ကပ်
ထ ရယ်တယ်
ငါ့ဆီမှာ ကျန်ခဲ့တာဆိုလို့ အသားစ ပင်လယ်ပဲ
မိသားစုဆိုတာ
လက်ထဲ အမိအရ ဆုပ်ကိုင်ထားတဲ့ အသားဖတ် အစုအဝေး
ကမ္ဘာပေါ် ရှိရှိသမျှ ထိုးစစ်များ ရှိရှိသမျှ ထိုးဇာတ်များ
အနီရောင်စာတန်းများ
အနီရောင်ကျိန်စာများ
နေလုံးကျသွားပြီးတဲ့နောက် လွမ်းမောဖွယ့်
ယမ်းငွေ့တဝေဝေ တောင်စွယ် တောင်တန်းတွေ
နေရာအနှံ့ ချိတ်ဆွဲထားတဲ့ အပြောင်းအလဲများ
ဆရာဝန်တွေပြောသလို ၅၀-၅၀ ဆိုတာမျိုး
မနက်ဖြန်ရဲ့ ရှိနေခြင်းဟာ တောင်စွယ် တောင်တန်းတွေ
ဟိုးဘက်က မမြင်ရတော့တဲ့ နေလုံးကြီးလို
“ကဘူဂရာအီး” ”ကဘူဂရာအီး”
အဲသလို
အမြဲလို
ခြောက်လှန့်နေတယ်
ရင်ငွေ့နဲ့လုပ်တဲ့ ဆုတောင်းသံတွေဟာ
ယမ်းငွေ့နဲ့လုပ်တဲ့ ဆောင်းအတုထဲမှာ
ပူလောင်အိုက်စပ်လို့
“ည မထွက်ရ” အမိန့်ထုတ်ထားတဲ့ကြားက
အသက်ဟာ ဘယ် လျှောက်လည်တယ် မသိရ
ရွာတွေမှာ အိမ်တွေမရှိတော့တာဟာ
ဝိုင်ပုလင်းမှာ စက္ကူပတ်တံဆိပ်မရှိတော့သလောက်ပါပဲ
ပိုမိုပြင်းထန်တဲ့ အကြွေးတွေ အတွက်
ပိုမိုပြင်းထန်တဲ့ သွေးတွေ
အကြွေးတိုင်းဟာ တန်ဖိုးတက်လာနိုင်ပေမယ့်
သွေးတိုင်းဟာ မြေကြီးထဲပဲ စိမ့်ဝင်ပျောက်ကွယ်သွားတယ်
သွေးမြေကျသလို အကြွေးကျေပါ့မလား
ခြေတုတပ်ထားတဲ့ ၁၂၀ မမတွေ…
ပိန်သွားတယ် မရှိ
ဝလာတယ် မရှိ
နှစ်သစ်ကူးညထဲ ရွာတိုင်း မြို့တိုင်း ဝိုင်းပတ်ကခုန်လို့
ရင်ထဲရှိသမျှ ဖွင့်အန်ထုတ်လို့
သွေးနဲ့ အမြဲနှပ်ထားရတဲ့မြေ
မျက်ရည်ကြိုက်တဲ့ နှစ်ရှည်ပင်တွေပဲ စိုက်ပါစေတော့ ။

- သိုးထိန်း (အန္တိမ) -

အမျှင်

ညှို့မဲ့ ညှို့တော့လဲ
ကိုယ်ဟာ ကိုယ်မဟုတ်တော့တဲ့ အထိ
ကိုယ်ကလွဲရင် ကိုယ်ပဲထင်ပြီး ကိုယ့်အရေခွံ ကိုယ်ဆွဲပြမိတယ်
တစ်ယောက်အခွေဟာ
တစ်ယောက်ကို ထုံးမဲ့ကြိုးလို
လှုပ်လေ . . . တင်းလေ
တစ်ယောက်အမြီးကို တစ်ယောက်ကမြင်ပြီး
ကိုယ့်ကိုကိုယ်တွေ့တယ်
ဖြေဆေးအတွက် အဆိပ်ကို အန်ချတော့
လျှာနှစ်ခွ နဲ့ လျက်လို့
အချိန်မရှိတော့ဘူး
နေရာမရှိတော့ဘူး
ဒီနေရာမှာတင် ကိုယ့်အသက်ကို ပုံခဲ့မယ်
ငါ့ရဲ့တွန်သံကြားလဲ လှည့်မကြည့်နဲ့တော့ ။  ။

- မင်းထင်ကိုကိုကြီး -

ပဲခူး

မြစ်ကို ခါးပတ်ပတ်ထားတယ်။
အဲ့ဒီ ဂျင်းဘောင်းဘီကျောရိုးတွေအတိုင်းသာ
ခင်ဗျား မီးသင်္ဘောကို ထိုးတင်မောင်းနှင်းခဲ့စမ်းပါ။

ဟိုဘက်ကမ်း ဒီဘက်ကမ်း
ရင်ဘတ်ဟပြဲနဲ့ အမြဲနေတတ်ပေမယ့်
ငါတို့က တစ်ကယ့်ညီအစ်ကိုတွေပါ။

မြစ်ဟာ စစ်ကိုလည်း ကြုံခဲ့ပါတယ်
ခုတော့ ဝါးဖောင်တွေစီးတငြိမ့်ငြိမ့် သင်းတပျံ့ပျံ့စီးဆင်းလို့။

နှစ်ပေါင်း ၂၆၀၀ က ဓမ္မနဲ့
တာဝတိန်သာကို နက်ဝပ်ချိတ်ထားတဲ့
ရွှေအဆင်း ရွှေအချင်း ရွှေသတင်းနဲ့
ရွှေတွင်းကြီးကျွံ့ထွက်လာသလို ရွှေမြင်ကွင်းနဲ့
ရွှေမောဓေါဘုရားကြီးက
ခင်းဗျားပါလာသမျှ မီးတွေကို ငြိမ်းပေးလိမ့်မယ်။

အပူလှိုင်းတွေ ဘယ်လောက်ဖြတ်ဖြတ် ပြတ်ကျမသွားတဲ့ အရိပ်နဲ့
ခင်ဗျားတိတ်ခွေကို စီဒီထဲထည့်သိပ်လို့
အတိတ်နဲ့ အနာဂါတ်ကြားမှာ ခေတ်မီတုန်း ခေတ်ဆန်တန်း လေသင်ဒုန်းဓါးချက်က
ခင်ဗျားတစ်ကိုယ်လုံးကို အသစ်ပြန်လုပ်ဖို့ အသင့်ရှိနေတုန်း
ဖရဲသီးတစ်လုံးလိုခွဲချ ရဲကနဲ
သွေးလည်းရမယ် အအေးလည်းရမယ် ၃၁လမ်းနဲ့ ၃၂လမ်းကြားက လိပ်ပြာကန်။
သူ့အံသွားတွေ ရေထဲမှာအိပ်နေတုန်းနဲ့ သူ့ကြွက်သားတွေ ကုန်းပေါ်မှာ အလုပ်လုပ်နေတုန်း။

ဒီမြို့ကို
နဝဒေးကြီးက ကဗျာချိုး စာချိုးသွားခဲ့တယ်။
ဒီမြို့ကို
အီတလီတွေ အင်္ဂလိပ်တွေက မှတ်တမ်းမှတ်ရာတွေတင်သွားဘူးကြတယ်။

ဒီမြို့ဟာ
နှစ် ၁၀၀၀ကျော်သွားလမ်းမှာ သွားရာဓါးရာတွေနဲ့
ရင်ဘတ်မှာ ရာဇဝင် ကျောပြင်မှာ ဂန္တဝင်နဲ့
အခန့်ချုပ် ချုပ်ထားတဲ့သမိုင်းစာအုပ်ကြီး။

လာခဲ့လေ
ခုနေခါမြို့ဟာ ကဗျာလည်းရွတ် သီချင်းလည်းဆို ပန်ချီလည်းရေး
အိုင်တီခေတ် တစ်ခေတ်ကို ကျောပိုးအိတ်ထဲထည့်လို့။

တိကျတဲ့ဒဏ်ရာတွေအတွက်
ဒီမှာ ပရဟိတသမားတွေနဲ့ ပြည့်လို့
လင်းပွင့်တဲ့အနာဂါတ်လူ့အဖွဲအစည်းတစ်ခုအတွက်
ဒီမှာ နိုင်ငံ့အရေး နိုင်ငံရေးသမားတွေနဲ့ရွေ့လို့

ခင်ဗျားလာခဲ့ပါ
ခင်ဗျားလာတဲ့အခါ
တရုတ်လုပ်ဆိုင်ကယ်တွေထဲ ဗမာသွေးဖေါက်ထည့်ပြီး
လီဗာကို တဗြန်းဗြန်းနဲ့နင်း မသတီစရာ သူရဲကောင်းဆန်နေတဲ့ကောင်တွေကလွဲရင်
ပဲခူးသားနဲ့ နှစ်တစ်လက္မသား
ဘယ်အသားက ပိုမာနေသေးတယ်ဆိုတဲ့အကြောင်း
ခင်ဗျားကို
ကျွန်တော်ကောင်းကောင်း ရှင်းပြ
စည်ဘီယာတစ်ခွက်နဲ့ ရှင်းပြလိုက်ပါ့မယ်။ ။

- ခရမ်းပြာထက်လူ -

ငါတို့ လူငယ်ဘဝ

ငါ့မျက်နှာဟာ
မြင်းတစ်ကောင်နဲ့ တူတယ်
ငါ့မျက်နှာဟာ
လူရွှင်တော်တစ်ယောက်နဲ့ ဆင်တယ်
စာအုပ်တွေ လွတ်ကျအောင်
ဆောင့်ဆွဲလိုက်
လူပုံအလယ်
ပခုံးနဲ့ဝင်တိုက်လိုက်
အဲ့ဒီမှာ
စနေသားဟာ
စပြီး အသက်ဝင်လာ
ရန်စရင်း ကြီးပြင်း
ငါတို့ ရန်မီးများ လင်းခဲ့ကြ
အမှန်ပဲ
ငါဟာ
မြို့တစ်မြို့ထက်ပိုကျယ်ပြီး
မင်းတို့မျက်လုံးများအတွက်
ကျဉ်းခဲ့တယ် ။
ငါဟာ
မြင်နေရတဲ့ စိတ္တဇပန်းချီကား
ငါဟာ
မမြင်ရတဲ့ နတ်သားပဲ
ပြဇာတ်မင်းသားရယ်သံနဲ့
ငါ့ကို ဆွဲထုတ်
မင်းနာမည် ဘယ်သူ
ထင်းခြောက်က ထတောက်မဲ့မီးနဲ့
ငါ့ဧရိယာကို သင်္ဂြိုလ်
မင်းနာမည်ဘယ်သူ
ထားပါ
ငါထားခဲ့
ထစ်ကနဲရှိ ထိုးထွက်ချင်တဲ့
ငါ့အကိုင်းအခက်အလက်အောက်
ငါ့အရိပ် ငါဖြန့်လို့
ငါထားခဲ့
လမ်းက ဖွထုတ်လိုက်တဲ့ ဖုန်မှုန့်လို
ခါးသီးမှုဟာ ခုန်တက်သွား
ပြန်လာမယ်
တစ်နေ့မှာ
ငါဟာ
မြင်းခွာသံတွေ သွန်ချလို့
သွန်ချသမျှ သယံဇာတတွေဖြစ်လို့
ငါဟာ
ဟာသတစ်ခုကို လေချွန်လို့
လေချွန်သမျှ လေပြည်လေညှင်းတွေဖြစ်လို့
ပြန်လာမယ်
တစ်နေ့မှာ
ငါကြောင့်
ဒီမြို့
ငလျင်အကြီးအကျယ်လှုပ်ဦးမယ် ။

- ခရမ်းပြာထက်လူ -

ချစ်သောမင်းနဲ့ငါ

မင်းနဲ့ငါဆိုတဲ့ လက်ဖက်ရည်ဆိုင်မှာ မင်းနဲ့ငါ
မင်းနဲ့ငါဆိုတဲ့ အဝေးပြေးလမ်းမကြီးပေါ်မှာ မင်းနဲ့ငါ
မင်းနဲ့ငါ အမည်ရတဲ့ ငရဲမှာလည်း မင်းနဲ့ငါ
ပန်းသီးစားရဦးမယ်
မြွေကိုက်ခံရဦးမယ်
စစ်တိုက်ကြရဦးမယ်
တစ်ယောက်အနာကိုတစ်ယောက်က
လျှာနဲ့ လျက်ပေးကြရဦးမယ် မင်းနဲ့ငါ ။

- သုခမိန်လှိုင် -

လက်ဖျံရိုးချင်းဆက်အမွှာ ( သို့မဟုတ် ) နေကြီး

သွေးမတော်သားမစပ်ညီအစ်ကို
လက်ဖျံရိုးချင်းဆက် အမွှာ
နေကြီး
မင်း ရုပ်ရှင်တွေသိပ်မကြည့်နဲ့
မင်းက အမြဲတမ်းဖိနပ်ပျောက်နေတဲ့ကောင်
သေနင်္ကဗျူဟာကျမ်းကြီးနဲ့
ဒုတ်မရှိ ဓါးမရှိ သူရဲကောင်းလုပ်ချင်နေတဲ့ကောင်
ဘယ်အိပ်မက်ကြီးဝယ်ချင်လဲ
မင်းမှာသွေးရှိတယ်
ရတယ်
မင်း အာရေဗျ ဘာသာစကားနဲ့ပြောလည်း
ငါနားလည်တယ်

နေကြီး ဟေ့ကောင်
ငါတို့ညတွေနည်းနည်းမှောင်တယ်
ဓါးရိုးကိုတင်းတင်းဆုပ်ထား
ကိုးကွယ်စရာမလိုဘူး
ဒုတိယဘုရားသခင်ကို ခြေထောက်အောက်ချနင်းပစ်မယ်
ငါတို့ဖတ်စာအုပ်ထဲကအတိုင်း
လေသံလား မြွေသံလား နားထောင်
ချိုလိမ်တွေကို ခဏခေါက်ထား
လမ်းပိတ်တယ်
အဲဒါ ငါတို့လမ်းပေါ်က ကျောက်ခဲတွေ
ဘုန်းကြီးသူရဲခေါင်းပေါင်းနဲ့
ငါက ကြက်ခြေခတ် နည်းနည်းများတယ်
မင်းဂရုဏာဒေါသတွေကိုငါချစ်ပါတယ်
လောလောဆယ်
ငါတို့နှစ်ယောက် ရင်ငွေ့ငတ်တယ်
ကိုငှက်ကြီးနဲ့ အတူတူအော်မယ်
ဆေးလိပ်တစ်လိပ်က အသက်သုံးမိနစ်တိုတယ်
မင်းနဲ့ငါ တစ်မိနစ်ခွဲစီ
စနေသားနှစ်ကောင်
အမောက်တထောင်ထောင်နဲ့
ငါတို့မှာ ဂျိုကာနှစ်ကောင်ရှိတယ်
ဟိုပါဠိ စကားကောင် ဒုက္ခ
ငါတို့မှာ အလံမရှိဘူး ဒိုးတော့

နေကြီး ဟေ့ကောင်
မင်းနဲ့ငါက သွေးမတော်သားမစပ်ညီအစ်ကို
လက်ဇျံရိုးချင်းဆက်ထားတဲ့ အမွှာ


- ကြယ် ပန်း လူ -

Wednesday, November 27, 2013

သောကြာနေ့ ၊ မနက် ၉ နာရီ ၊ လက်ဖက်ရည်ဆိုင်


အားလုံးပြီးဆုံးသွားပြီ ဂျိုး
ဆွဲလက်စပန်းချီကားထဲ ကျုပ်ဝင်ထိုင်လိုက်တယ်။

မိုက်လို့ မကုန်နိုင်တဲ့လူငယ်ဘ၀မှာ
ဒဏ်ရာအနာတရဆိုတာ
ကိုလံဘတ်ရှာမတွေ့ ခဲ့တဲ့ နယ်မြေသစ်တွေပဲ ။

လမ်းထိပ်အုတ်ခုံမှာ ထိုင်ရင်း
ဆေးလိပ်ကို မီးမညှိဘဲသောက်ကြည့်ခဲ့ဖူးတယ်
သိပ်ထူးဆန်းတယ် ဂျိုး
ကျုပ်ဆံပင်တွေ ရှည်လာပြန်ပေါ့။

ရိုးသားမှုမပါဘဲ ဘတ်စ်ကားစီးရတာ သိပ်အဆင်မပြေလှဘူး
ခေတ်ကြီးဟာ အရက်မူးနေပြီ။

ကျော်ကြားမှု၊ငွေစက္ကူ
စစ်မှန်တဲ့ ချစ်မေတ္တာ၊အမှန်တရား
ပလက်ဖေါင်း၊ဖိုမဆက်ဆံရေး
ကျုပ်တို့ မှာ ရွေးချယ်စရာမရှိဘူး၊
ရွေးချယ်ခွင့်မရှိဘူး။

တစ်ခါတစ်လေမှာ
လူငယ်တွေရဲ့ စိတ်ဓာတ်ဟာ
အရာအားလုံးထက်ပိုမြင့်မြတ်တယ် ဂျိုး
မီးခိုးတန်းတွေ ခရီးသွားတယ်။

မှားတဲ့အခါ ခါးထောက်နေမယ်
မှန်တဲ့အခါ ဘယ်ကိုမှ မပြန်ဘူး
ပန်းချီကားထဲမှာ မိုးပိုသည်းနေပြီ။

အနုပညာနဲ့ ကိုယ်ကျင့်တရားမှာ
ကျောက်သင်ပုန်းဟာ အစိတ်စိတ်ကွဲကြေလို့ ၊
ကျုပ်ရှာဖွေတွေ့ တဲ့ အချစ်ဆိုတဲ့ တီရှပ်ထဲ
"အာဒံရဲ့ အချစ်ဦးဟာ ဧ၀မဟုတ်ဘူး"ဆိုတာပဲ ထွက်ကျလာတယ်။

ဂျိုးရေ ...
ကျုပ်စိုက်ခင်းတွေ အောင်မြင်ခဲ့ပါတယ်
အနုပညာ၊ချစ်ခြင်းမေတ္တာ၊သစ္စာတရား
အရာအားလုံးမှာ ကျုပ် လိပ်ပြာလုံတယ်။

တကယ်တော့ ဟီရိုရှီးမားဟာ
အနုမြူဒဏ်ကြောင့် ပြာကျခဲ့တာ မဟုတ်ဘူး။

ဒီနေ့ ကစပြီး
ရှုမျှော်ခင်းကို တစ်ဝက်ပဲ ကြည့်တော့မယ် ဂျိုး
အလှတရားကို ရိုးရှင်းတဲ့ ပုံစံမထုတ်ချင်တော့ဘူး။

ဒီနှစ်ထဲ ခေတ်ပေါ်မိန်းမတစ်ယောက်ကို ရိုးသားစွာချစ်မိတာလွဲလို့ 
ဘာအောင်မြင်မှုမှ မရှိဘူး၊
လူဆိုတာ ရူးနေတဲ့အမျိုးပဲ။

ကျုပ်တို့ ဝတ်ထားတဲ့အင်္ကျီ ဘာတံဆိပ်လဲ
ကျုပ်တို့ သွားနေတာ လမ်းနံပါတ် ဘယ်လောက်လဲ
ဖိနပ်စီးခဲ့ ဂျိုး
အချစ်၊ငွေ၊ကျော်ကြားမှု
ရာသီဥတုက အချိန်နဲ့ အမျှပြောင်းလဲတယ်။

ကျုပ်တို့  ဘောင်းဘီဝတ်တယ်
လမ်းလျှောက်တယ်
မုသားစကားပြောတယ်
အရက်သောက်တယ်။

ယုံကြည်ချက်အမှန်တရားဟာ
လကမ္ဘာပေါ်က အမေရိကန်အလံ၊
လူသားတွေ အောင်နိုင်ခဲ့ပါတယ်၊
လူငယ်တွေ အောင်နိုင်ခဲ့ပါတယ်။

ခေတ်ကို ဖြတ်မယ် ဂျိုး
တန်းတွေ ကွင်းတွေ ကိုင်ထားပါ
လိုအပ်ရင် ဘရိတ်သုံးမယ်။

- နေ့သစ် -