Monday, December 9, 2013

ငါတို့ လူငယ်ဘဝ

ငါ့မျက်နှာဟာ
မြင်းတစ်ကောင်နဲ့ တူတယ်
ငါ့မျက်နှာဟာ
လူရွှင်တော်တစ်ယောက်နဲ့ ဆင်တယ်
စာအုပ်တွေ လွတ်ကျအောင်
ဆောင့်ဆွဲလိုက်
လူပုံအလယ်
ပခုံးနဲ့ဝင်တိုက်လိုက်
အဲ့ဒီမှာ
စနေသားဟာ
စပြီး အသက်ဝင်လာ
ရန်စရင်း ကြီးပြင်း
ငါတို့ ရန်မီးများ လင်းခဲ့ကြ
အမှန်ပဲ
ငါဟာ
မြို့တစ်မြို့ထက်ပိုကျယ်ပြီး
မင်းတို့မျက်လုံးများအတွက်
ကျဉ်းခဲ့တယ် ။
ငါဟာ
မြင်နေရတဲ့ စိတ္တဇပန်းချီကား
ငါဟာ
မမြင်ရတဲ့ နတ်သားပဲ
ပြဇာတ်မင်းသားရယ်သံနဲ့
ငါ့ကို ဆွဲထုတ်
မင်းနာမည် ဘယ်သူ
ထင်းခြောက်က ထတောက်မဲ့မီးနဲ့
ငါ့ဧရိယာကို သင်္ဂြိုလ်
မင်းနာမည်ဘယ်သူ
ထားပါ
ငါထားခဲ့
ထစ်ကနဲရှိ ထိုးထွက်ချင်တဲ့
ငါ့အကိုင်းအခက်အလက်အောက်
ငါ့အရိပ် ငါဖြန့်လို့
ငါထားခဲ့
လမ်းက ဖွထုတ်လိုက်တဲ့ ဖုန်မှုန့်လို
ခါးသီးမှုဟာ ခုန်တက်သွား
ပြန်လာမယ်
တစ်နေ့မှာ
ငါဟာ
မြင်းခွာသံတွေ သွန်ချလို့
သွန်ချသမျှ သယံဇာတတွေဖြစ်လို့
ငါဟာ
ဟာသတစ်ခုကို လေချွန်လို့
လေချွန်သမျှ လေပြည်လေညှင်းတွေဖြစ်လို့
ပြန်လာမယ်
တစ်နေ့မှာ
ငါကြောင့်
ဒီမြို့
ငလျင်အကြီးအကျယ်လှုပ်ဦးမယ် ။

- ခရမ်းပြာထက်လူ -

No comments:

Post a Comment