Wednesday, November 27, 2013

သောကြာနေ့ ၊ မနက် ၉ နာရီ ၊ လက်ဖက်ရည်ဆိုင်


အားလုံးပြီးဆုံးသွားပြီ ဂျိုး
ဆွဲလက်စပန်းချီကားထဲ ကျုပ်ဝင်ထိုင်လိုက်တယ်။

မိုက်လို့ မကုန်နိုင်တဲ့လူငယ်ဘ၀မှာ
ဒဏ်ရာအနာတရဆိုတာ
ကိုလံဘတ်ရှာမတွေ့ ခဲ့တဲ့ နယ်မြေသစ်တွေပဲ ။

လမ်းထိပ်အုတ်ခုံမှာ ထိုင်ရင်း
ဆေးလိပ်ကို မီးမညှိဘဲသောက်ကြည့်ခဲ့ဖူးတယ်
သိပ်ထူးဆန်းတယ် ဂျိုး
ကျုပ်ဆံပင်တွေ ရှည်လာပြန်ပေါ့။

ရိုးသားမှုမပါဘဲ ဘတ်စ်ကားစီးရတာ သိပ်အဆင်မပြေလှဘူး
ခေတ်ကြီးဟာ အရက်မူးနေပြီ။

ကျော်ကြားမှု၊ငွေစက္ကူ
စစ်မှန်တဲ့ ချစ်မေတ္တာ၊အမှန်တရား
ပလက်ဖေါင်း၊ဖိုမဆက်ဆံရေး
ကျုပ်တို့ မှာ ရွေးချယ်စရာမရှိဘူး၊
ရွေးချယ်ခွင့်မရှိဘူး။

တစ်ခါတစ်လေမှာ
လူငယ်တွေရဲ့ စိတ်ဓာတ်ဟာ
အရာအားလုံးထက်ပိုမြင့်မြတ်တယ် ဂျိုး
မီးခိုးတန်းတွေ ခရီးသွားတယ်။

မှားတဲ့အခါ ခါးထောက်နေမယ်
မှန်တဲ့အခါ ဘယ်ကိုမှ မပြန်ဘူး
ပန်းချီကားထဲမှာ မိုးပိုသည်းနေပြီ။

အနုပညာနဲ့ ကိုယ်ကျင့်တရားမှာ
ကျောက်သင်ပုန်းဟာ အစိတ်စိတ်ကွဲကြေလို့ ၊
ကျုပ်ရှာဖွေတွေ့ တဲ့ အချစ်ဆိုတဲ့ တီရှပ်ထဲ
"အာဒံရဲ့ အချစ်ဦးဟာ ဧ၀မဟုတ်ဘူး"ဆိုတာပဲ ထွက်ကျလာတယ်။

ဂျိုးရေ ...
ကျုပ်စိုက်ခင်းတွေ အောင်မြင်ခဲ့ပါတယ်
အနုပညာ၊ချစ်ခြင်းမေတ္တာ၊သစ္စာတရား
အရာအားလုံးမှာ ကျုပ် လိပ်ပြာလုံတယ်။

တကယ်တော့ ဟီရိုရှီးမားဟာ
အနုမြူဒဏ်ကြောင့် ပြာကျခဲ့တာ မဟုတ်ဘူး။

ဒီနေ့ ကစပြီး
ရှုမျှော်ခင်းကို တစ်ဝက်ပဲ ကြည့်တော့မယ် ဂျိုး
အလှတရားကို ရိုးရှင်းတဲ့ ပုံစံမထုတ်ချင်တော့ဘူး။

ဒီနှစ်ထဲ ခေတ်ပေါ်မိန်းမတစ်ယောက်ကို ရိုးသားစွာချစ်မိတာလွဲလို့ 
ဘာအောင်မြင်မှုမှ မရှိဘူး၊
လူဆိုတာ ရူးနေတဲ့အမျိုးပဲ။

ကျုပ်တို့ ဝတ်ထားတဲ့အင်္ကျီ ဘာတံဆိပ်လဲ
ကျုပ်တို့ သွားနေတာ လမ်းနံပါတ် ဘယ်လောက်လဲ
ဖိနပ်စီးခဲ့ ဂျိုး
အချစ်၊ငွေ၊ကျော်ကြားမှု
ရာသီဥတုက အချိန်နဲ့ အမျှပြောင်းလဲတယ်။

ကျုပ်တို့  ဘောင်းဘီဝတ်တယ်
လမ်းလျှောက်တယ်
မုသားစကားပြောတယ်
အရက်သောက်တယ်။

ယုံကြည်ချက်အမှန်တရားဟာ
လကမ္ဘာပေါ်က အမေရိကန်အလံ၊
လူသားတွေ အောင်နိုင်ခဲ့ပါတယ်၊
လူငယ်တွေ အောင်နိုင်ခဲ့ပါတယ်။

ခေတ်ကို ဖြတ်မယ် ဂျိုး
တန်းတွေ ကွင်းတွေ ကိုင်ထားပါ
လိုအပ်ရင် ဘရိတ်သုံးမယ်။

- နေ့သစ် -

ရေခဲဖုတ်ကောင်

ပိုးဖလံတွေ မီးထဲ အပျံသင်သလို
ငါးမန်းတွေ သွေးညှီနံ့နောက်လိုက်သလို
နုံးတိုးငါးတွေ အေးရာအေးရာအေးကြောင်းရှာသလို
အပျော်ကြီးပျော်နေတဲ့ အပျော်ကြီးထဲမှာ
ပျော်သွားတဲ့အပျော်တွေကိုပြန်ရ

ဖြတ်ခဲ့တဲ့ အဖြတ်တွေ
ဖြစ်ခဲ့တဲ့ အဖြစ်တွေ
တကယ်က
အဖြတ်ခံခဲ့ရတဲ့အဖြတ်တွေ
အဖြစ်ခံခဲ့ရတဲ့ အဖြစ်တွေ

ပျော်ပါတယ်
ပျော်စရာဆိုလို့
အရည်မပျော်အောင်တောင့်ခဲ
နေရောင်မလာအောင်ကျိန်ဆဲနေမိတဲ့
ကိုယ်က ရေခဲဖုတ်ကောင်

နှင်းတစပြင်မှာ
ဆောင်းမီးလောင်ရင်း
ကျနော် ပျော်ပါတယ်
လူ့သမိုင်းထဲငိုက်မြည်းသူ
ကျိုးလွယ်ဆတ်လွယ်မကောင်းမြင်ဝါဒီစကားဝါကိုင်း

ကျနော်
အကောင်းမြင်ပါတယ်
အကောင်းပြည်ကြီးကိုပြန်သွားတယ်
အကောင်းပြည်ကြီးကပြန်လာတယ်

လှလှ
ဒုက္ခနဲ့တွေ့မှပိုလှမယ့်
ကျမနာမည်လှလှ။

- သစ်ကောင်းအိမ် -

အာရှတိုက်ရဲ့တစ်နေရာ

(၁)

အမှန်တကယ်ဖွံ့ဖြိုးဆဲ တိုင်းပြည်တစ်ပြည်ရဲ့ရွာ
မြို့တော်နဲ့ ကီလိုမီတာ ၆၀ ခန့်ဝေးတဲ့နေရာ
အဝေးပြေးလမ်းမကြီးရဲ့ပခုံးပေါ်မှာ
လေးထပ်တိုက်တစ်လုံးနဲ့ ဖွဲ့စည်းထားတဲ့ရွာ
အာရှတိုက်ရဲ့တစ်နေရာလို့ဆိုပါစို့
အဲဒီရွာရဲ့ အဋ္ဌမမြောက်အခန်းတစ်ခန်းထဲမှာ
အင်ဒိုနီးရှားလူငယ်လေးယောက်
(နှစ်ယောက်က ညီအစ်ကို)
ဘင်္ဂလားဒေရှ်လူရွယ်တစ်ယောက်
ပြီးတော့ ငါတို့နှစ်ယောက်
ဓာရဏပရိတ်၊ ကိုအန်ကျမ်း၊ ရောခ်သီချင်း
ဂျင်းဘောင်းဘီ၊ ၀ါယာကြိုးခွေများနဲ့
အမျိုးအမည်မသိ အလှမွေးငှက်နှစ်ကောင်
တစ်အိုးတစ်အိမ်ထူထောင်လို့နေကြ
သူတို့ဘ၀တွေဟာ အရှေ့တောင်အာရှကျွန်းဆွယ်ပေါ်က
အကြမ်းထည်ပစ္စည်းပစ္စယတွေနဲ့
ခပ်ဆင်ဆင်တူနေရဲ့


(၂)

နာရီစက်သံကြောင့်
အထိတ်တလန့်နိုးထ
အိပ်ရေးမ၀တဲ့မျက်လုံးထဲမှာ
နှင်းတွေအတုံးအရုံးကျနေတဲ့ မနက်ခင်း

ရွာလည်လမ်းထိပ်မှာ ရေသန့်ဘူးကိုယ်စီနဲ့
အလုပ်ဆင်းဖို့ အဆင်သင့်ဖြစ်နေပြီ
တစ်နေကုန် မြို့တော်ကြီးဆီကိုသွား
မြင့်မားတဲ့အဆောက်အအုံခေါင်းမိုးတွေပေါ်တက်
ဆံပင်တွေ အရည်ပျော်ကျမတတ် နေရောင်အောက်မှာ
ချွေးတွေ သံတွေနဲ့ မချိမဆန့် အလုပ်လုပ်ကြ
အဲဒီအလုပ်က အသက်အန္တရာယ်နဲ့နီးပေမယ့်
“ငွေမရှိတာလည်း အသက်အန္တရာယ်နဲ့ နီးတာပဲ”လို့
ဘင်္ဂလားဒေရှ်လူရွယ်က မှတ်ချက်ချတယ်
နေ၀င်ရီတရောမှာ
ကျောပေါ်အမောတွေထမ်းပြီးပြန်လာကြ
ရေချိုးခန်းကို သူ့ထက်ငါဦးအောင် အလုအယက်တိုးခွေ့ဝင်ကြ
ဒါဟာနိစ္စဓူဝကိစ္စ
ညကျ
တစ်ဆိုင်တည်းသော ပင်လယ်စာဆိုင်မှာ
ဒေသရဲ့ရိုးရာထမင်းကြော်ကိုစားရင်း
စကားစမြည်ဆိုကြ
ကျိုးပဲ့နေတဲ့ဘာသာစကားနဲ့ပ
ပြီးတော့ ကိုကာကိုလာတစ်ပုလင်းသောက်ရင်း
လေးညှင်းနံ့သင်းတဲ့ စီးကရက်ကို ဖွာရှိုက်
ဂျက်ဂွာကားတစ်စီးရဲ့နောက်ကို ပြေးလိုက်သွားတဲ့စိတ်ကူးတွေ
သဘာဝကျပါတယ်လေ
စားသောက်ဆိုင်ကအပြန်
လမ်းဘေးအများသုံးဖုန်းကနေ
ကိုယ့်တိုင်းပြည်ကို ဖုန်းဆက်သူဆက်
တိုက်ပေါ်ပြန်တက်ပြီး ရေဒီယိုကို နားထောင်သူနားထောင်
နေ့လယ်ကတွေ့ခဲ့တဲ့ ပေါင်တံဖြူဖြူတရုတ်မလေးတွေကို
စိတ်ကူးယဉ်သူယဉ်
အဓမ္မကျင့်ခံလိုက်ရတဲ့ ဖိလစ်ပင်းအိမ်ဖော်မလေးအတွက်
ကရုဏာသက်သူသက်
နေရပ်ပြန်ပို့ခံ ဗီယက်နမ်တွေအတွက် စိတ်မကောင်းဖြစ်သူဖြစ်
ဘုရားဝတ်ပြုသူကပြု
သမားရိုးကျ လူ့အဖွဲ့အစည်းငယ်လေးပါပဲ


(၃)

နေ့စဉ်နဲ့အမျှ
ကျွဲလိုနွားလို အလုပ်လုပ်ရ
အခန့်မသင့်ရင် ခွေးသေ၀က်သေ သေသွားကြ
နက်ရှိုင်းလှတဲ့ ဆင်းရဲတွင်းထဲက ခုန်ထွက်ဖို့
အလုအယက်ကြိုးစားရင်း
အာရှတန်ဖိုးဆိုတာဘာလဲ
ကွန်ဖြူးရှပ်ယဉ်ကျေးမှုဆိုတာဘာလဲ
ခိုင်းနွားတစ်ကောင်လို လုပ်အားပေးခဲ့တာကိုပဲ
ဂုဏ်ယူရမလား
အာရှတိုက်ကြီးကတော့
အပျိုပေါက်တစ်ယောက်လိုခြယ်သ
ဂျပန်၊ ဥရောပနဲ့အမေရိကကို မျက်စပစ်နေလေရဲ့


(၄)

ပြန်လည်ဆန်းစစ်ကြည့်တော့
ငါတို့ဟာ စက်ရုံတစ်ရုံမဖြစ်နိုင်ခဲ့
ငါတို့ဟာ ကုမ္မဏီတစ်ခုမဖြစ်နိုင်ခဲ့
ငါတို့ဟာ ဘဏ်တိုက်တစ်ခုမဖြစ်နိုင်ခဲ့
ငါတို့ဟာ ဈေးကွက်တစ်ခုကို မဖန်တီးနိုင်ခဲ့
ငါတို့ဟာ ဈေးပေါတဲ့ ကုန်ကြမ်းတွေသာဖြစ်တယ်
အာရှတိုက်ရဲ့တစ်နေရာမှာ စတေးခံဘ၀များစွာ
ငါတို့ဟာ ငြိမ်းချမ်းရေးမရနိုင်သေးပါဘူးကွာ
ငါတို့ရဲ့ဘ၀ဟာ ဘာမှ မသေချာလှ
အဲဒီလို မသေချာမှုတွေထဲကပဲ
သေချာတဲ့ဘ၀ကို တည်ဆောက်ယူရတာ
တို့လူသားတွေရဲ့ မွေးရာပါတာဝန်ပဲ မဟုတ်လား
(၀ဋ်ကြွေးလည်း ဖြစ်နိုင်ရဲ့)
ခုမှ ငါ့ရဲ့ ကိုယ်ပိုင်ကောင်းကင်မှာ
ကြယ်ရောင်မှိန်ပျပျ
မြင်ရရုံပဲ ရှိပါသေးတယ်
တစ်ခါတစ်လေ နံရံပေါ်က ကမ္ဘာ့မြေပုံကို ကြည့်ရင်း
ငါလွမ်းနေမိရဲ့
ငါလွမ်းနေခဲ့တာ
ပီဇာနဲ့ ဟမ်ဘာဂါတွေကို မဟုတ်ဘူး
ဟာဒ်ရောခ်ကဖေးကို မဟုတ်ဘူး
“နိုင်ငံကူးလက်မှတ်” လို့ အမည်ရတဲ့
ဝီစကီပုလင်းလှလှကို မဟုတ်ဘူး
အောင်လက်မှတ်တွေနောက်ကို လျှောက်လိုက်နေတဲ့
ကျွန်းတစ်ကျွန်းကို မဟုတ်ဘူး
မီရှယ်ယိုဆိုတဲ့ ရုပ်ရှင်မင်းသမီးကို မဟုတ်ဘူး
ငါလွမ်းနေခဲ့တာ
ကံခေပေမယ့်
ချစ်စရာကောင်းနေတဲ့ တိုင်းပြည်တစ်ပြည်ကိုပါ
လေပြင်းထန်တဲ့ကမ်းခြေက
ငါ့ရဲ့ ခြေတံရှည်အိမ်လေးကိုပါ


(၅)

“အမျိုးသားက နိုင်ငံခြားမှာလေ……”ဆိုပြီး
ရပ်ကွက်ထဲမှာ တစ်ချို့ဇနီးမယားတွေ ပါးစပ်အရသာခံကြတာမျိုးအတွက်နဲ့တော့
ဒီနေရာကို ငါဘယ်ထွက်လာပါ့မလဲ
မအိုဖအိုတွေရှိနေစဉ်မှာ
အဆင်ပြေပြေ အကြွေးကင်းကင်း ရှိနေစေချင်တာအတွက်
ငါ့ဆန္ဒတွေကို ကွက်မျက်ခဲ့ရတာပါ
မိသားစုနဲ့ အိမ်ကို ခွဲခွါခဲ့
သူငယ်ချင်းများနဲ့တိုင်းပြည်ကို ခွဲခွါခဲ့
အဲဒီအတွက်ရမယ့် ဆုလာဘ်ဟာ
စင်္ကာပူက ကြိမ်ဒဏ်မျိုးတော့ မဟုတ်တန်ရာ
အသားမာတက်နေတဲ့လက်နဲ့
ပြက္ခဒိန်ပေါ်က နေ့တွေကို ရေတွက်ရင်း
“လေယာဉ်ပျံတွေမြင်ရင် အိမ်ပြန်ချင်တယ်”လို့ ညည်းမိ
ဒါပေမယ့် သုဝဏ္ဏသျှံမဟုတ်တော့……….


(၆)

ခုတော့
အာရှကျားတွေရဲ့ပါးစပ်ထဲက
အမဲသားတစ်ဖက်
သွားကြားညပ်ခဲ့ရင်ခွင့်လွှတ်ပါ
ဒါဟာ ဒဏ္ဍာရီမဟုတ်ပါဘူး
အာရှတိုက်ရဲ့တစ်နေရာက
မြုံနေတဲ့အနာတွေပါ
ရင်းနေတဲ့အနာတွေပါ။ ။
- ကြည်မောင်သန်း -

မ၀င်းမေ သို့ အလွမ်း

ဆာလောင်ခြင်းဟာ
ပေါင်မုန့်ထဲကို ၀င်ရောက်သွားတယ်
ကိန်းဂဏန်းတစ်ခုအဖြစ်ပြန်ထွက်လာရဲ့
ကျွန်ုပ်အတွက်
သင့်မှာ ဘာတာဝန်မှမရှိပါ
ကျမ်းဂန်က ဘယ်လိုပြောပါလည်း
မင်းကိုငါချစ်နေမြဲ
ဒီဒဏ္ဍာရီရဲ့ လက်တွေ့ကျပုံက
ဇွန်ပန်းများနဲ့ ဖဲချပ်အဟောင်းကလေးတွေ
အဆွေခင်ပွန်းဖွဲ့ခဲ့တာပေါ့
ကိန်းဂဏန်းတစ်ခုက
ပေါင်မုန့်ထဲကို ၀င်ရောက်သွားတယ်
ဆာလောင်ခြင်းအဖြစ် ပြန်ထွက်လာရဲ့
ကြမ်းပိုးတွေအကြောင်းကို ရေးဖွဲ့ရမှာလား
ပိုးဟပ်တွေအကြောင်းကို ရေးဖွဲ့ရမှာလား
ပြောစမ်းကွာ
မင်းပိုက်ဆံတွေ ငါသုံးခဲ့တာ
ဒီလိုနွေရာသီမှာပေါ့
မင်းတံစက်မြိတ်မှာ ငါခိုခဲ့တာ
ဒီလိုမိုးရာသီမှာပေါ့
မင်းအိပ်ရာမှာ ငါအိပ်ခဲ့တာ
ဒီလိုဆောင်းရာသီမှာပေါ့
သဲလွန်စက
မြို့နဲ့မဆံ့ဘူး
ငါတို့ပျော်ခဲ့ဖူးပုံတွေ တွေးတွေးပြီး
မျက်ရည်ကျရတယ်
တစ်ယောက်တည်း။    ။

- နေမျိုး -

ဗျတ်စောင်းဘာသာဗေဒ

လမ်းခြမ်းအ၀ါကို မြင်လို့
ကောင်းကင်ကို မမြင်လိုက်ဘူး။
တစ်ယောက်နဲ့တစ်ယောက်
ရွာရိုးကိုးပေါက် ဝေးခဲ့မိတယ်။

ကောင်မလေးရေ
ငါ့ရဲ့
အမေတစ်ဝက်၊ ဆောင်းရာသီတစ်ဝက် ကောင်မလေးရေ
ငါ့ကို ကယ်ပါ။

ငါ့ကို ကယ်တင်တယ်လို့ သဘောမထားဘဲ
ငါ့ကိုပဲ ကယ်ပါ
မင်းရဲ့ အဖြူ တစ်ဝက်ရဲ့ အဖြူတစ်ဝက်လောက်
ငါ့ကို ဆွတ်ပေးပါ။

ရင်ဘတ်က ကြယ်ငွေ့တွေ ဖြာကျလာတဲ့အထိ
ငါ ပွင့်ပစ်လိုက်ချင်လို့ပါ။

- တာရာမင်းဝေ -

မီးတောက်ရစ်သမ်

(၁)
အခုလို …
လှပအေးစက်နေတဲ့ညမှာပဲ
ငါ … ပျိုးထားတဲ့ မြနှင်းဆီဟာ …
ကြယ်တစ်ရာ ခြံရံပြီး ကြွေကျသွားခဲ့တယ်။

တိမ်လွှာမျဉ်းကောက်တွေကလည်း
ချစ်သူတစ်ယောက်ရဲ့ မီးအိပ်မက်မှာ
ရွှေမျက်ရည်တွေ စိုလက်လာပြီလို့
မှိုင်းညို့နေတဲ့ ကောင်းကင်ကြီးကို
တီးတိုးပြောကြားလိုက်တယ်။

“ချစ်ခြင်းမေတ္တာဟာ”… ဟာ
မှော်ဆရာတစ်ယောက်ရဲ့နိဂုံးလို
နောက်ဆုံးမှာ …
မီးခိုးလုံးများ ဖြစ်သွားရော့မလား…လို့
နှုတ်ခမ်းကိုက်ပြီး…ငါစဉ်းစားဖူးတယ်။

လူငယ်တစ်ယောက်ကို ပြုစားဖို့
ဘယ်နတ်ဘုရားထံမှာ
နင့်လက်တွေ ဖြန့်ကား တောင်းခံခဲ့သလဲ …
ငါ့ရာဇ၀င် ခပ်ကျဲကျဲကို
ငရဲမီးထဲ တွန်းချလိုက်ချင်တယ်။
သံယောဇဉ်…ဆိုတာ
အရောဝင်လို့မကောင်းတဲ့ ခွေးကလေးပါပဲ …။

လောကဓံဦးတုန်းက …
အလွန်းအကြူး သောက်ခဲ့တဲ့ အရက်တစ်ခွက်
ခုမှ…စံပယ်ရွက်ပေါ်မူးလဲ…
အသည်းကွဲတယ်…ဆိုတာ
သီချင်းလေးတွေ တိုးတိုးညည်းရင်းက …
ထိရှခဲ့တဲ့…သွေးမဲ့ဒဏ်ရာ တစ်ချက်ပါ…
သိုးကျောင်းသားရဲ့ ခံနိုင်ရည်နဲ့
နတ်ဘီလူးတွေရဲ့ သတိရခြင်းမျိုးက
ငါ့ကို…ဆီးမိုးထားတယ်…။

စက်ရုပ်ကို ဒူးထောက်ကျစေတဲ့
နင့်ရဲ့…မျက်ဝန်းစိမ်းလဲ့မှာ…
ငါ…ဘယ်လိုမှ မေ့မရတဲ့
မဟာလကာင်္ တစ်ပိုင်းတစ်စ…ရှိနေလေရဲ့။

အဲဒီလိုနဲ့ပဲ
ငါ ပြန်လည် ချည်နှောင်ခဲ့ပါမယ်…
ချစ်သော..ဖဲကြိုးဝါကလေးရယ်…
(လက်နက်မပါဘဲ…
စစ်ဝင်္ကပါမှာ ငါ…မတိုက်ရဲဘူး…)
ညံ့တယ်လို့ပဲ…
လက်ညှိုးထိုးပြီး ပြောလိုက်ပါတော့…။

လျှပ်စစ်မျှင်တန်းလို…
ပူလင်းပြင်းထန်လွန်းတဲ့
သူရူးတစ်ယောက်ရဲ့ ပွေ့ဖက်မှုတွေထဲ…
ခု…ရထားတို့ ဥသြဆွဲလိုက်ကြပြီ…
“…ပြီးဆုံးသွားပါပြီ…
…အားလုံး ပြီးဆုံးသွားပါပြီ…”တဲ့။

(၂)
အရှေ့လေတွေတိုက်တုန်းက
ခါးကုန်းနေတဲ့ ငါတို့ရဲ့ မြရာပင်အိုကြီးဟာ
တုန်ယင်ချည့်နဲ့စွာ ယိမ်းထိုးနေတော့တယ် …။

ကျောင်းတော်ရဲ့ စည်းအပြင်
နှောင်းရိပ်တွေ တစ်လွင်လွင်နဲ့
ထင်ယောင်ထင်မှား
လမ်းပေါ်မှာ ငါစဉ်းစားတာ…
နင့်အကြောင်း ခေါင်းစဉ်များစွာပါပဲ။

ထိပ်ထားရယ်...
အီဂျစ် ပြက္ခဒိန်ထဲက
မိုးတိမ်တွေ ရွာမယ့်နေ့
နင်နဲ့ငါ ပြန်လည်ဆုံတွေ့ကြရင်
ဒီအကြောင်းတွေ ပြောပြချင်ပါသေးတယ်..။

ငါက ဆပ်ပြာပူဖောင်းကို ခိုစီးပြီး
မြင့်မိုရ်တောင်ကြီးနဲ့တိုက်မိမှာ
စိုးရိမ်ရှာသူ မဟုတ်ခဲ့…၊
ဒါပေမဲ့…
လေပွေလမ်းကြောင်းများမှ
တုန်ဝါးဖျော့အေး
“သစ္စာ”ကို ပဲ့တင်သံနဲ့ပဲ ပြန်ပေးနိုင်ခဲ့သူ…။

ငါ့ကိုသတ်…ငါ့ရင်ဘတ်ကို ထိုးခွဲဖောက်လှန်ကြည့်
ငါ့လက်သီးထဲမှာ ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့
သုညတစ်လုံးပဲ ရှိလိမ့်မယ်…။

ဝိုင်ယာကြိုးတွေ
“ထောင်း”ခနဲ မီးပွင့်ပြတ်တောက်ပြီး
ရုတ်ချည်း မှောင်အတိကျသွားတဲ့
“အန္ဓ”တို့ရဲ့ အိမ်အိုမှာ…
တေလေပီသစွာ…ငါနေတယ်။

တိတ်ဆိတ်…ပြာလဲ့နေတဲ့ည…
ရေတွင်းထဲ ခေါင်းငုံပြီး…
“….”ကို ချစ်တယ်…လို့
ဘယ်ဆီဘယ်ဝယ်…ဟစ်အော် တမ်းတရတာ..
ဘာကြောင့်ပါလဲ…။

“အုံ့ပုံးချစ်” သီချင်းကို
မဆိုချင်ဘဲ ဆိုရတာ
ရွှေရည်စိမ်ထားတဲ့ လက်ပစ်ဗုံးကို
ကိုက်မျိုရသလိုပါပဲ…လို့
အက်ကွဲနေတဲ့ မယ်ဒလင်ကြီးက…
ငါ့ကိုပြောပြတယ်။

အဲဒီလိုနဲ့…
မိုးကို ဆန့်မြှောက်ထားတဲ့
မမီနိုင်သော ကမ်းလက်တွေဟာ
ဟိုး…တုန်းကလိုပဲ
ငါ့ဆီမှာ…မြေမှုန်တွေ စွန်းထင်လျှက်ပါပဲလေ…။

(၃)
“လူဆိုတာ…
လင်းဝေစိမ်းမြတဲ့ ပန်းညများစွာထက်
သရဲခြောက်ရာ ညတစ်ညကို..ပိုသတိရတတ်တယ်”

ငါသေသွားခဲ့လို့ရှိရင်
ငါ့ရဲ့သင်္ချိုင်းဂူမှာ…
ကြက်ခြေခတ်တစ်ခုကိုသာ
မှတ်တိုင်အဖြစ် စိုက်ပေးထားပါ။
တကယ်တော့…အဲဒါဟာ
ငါသိသမျှ လောကဓမ္မကို
အကြွင်းမဲ့ ဖော်ပြသွားခြင်းပဲ ဖြစ်လိမ့်မယ်။

ဟိုးငယ်ငယ်…ကျောင်းမပြေးတတ်ခင်တုန်းက
ခရေပွင့်ပြထားတဲ့ သင်္ချာတစ်ပုဒ်
ငါ့အပေါ် ခုန်အုပ်ပြီး
မင်နီတွေ ရဲခနဲ့ သုတ်သွားဖူးတယ်။

ငါ…သတ္တိကောင်းကင်မှာ..နီလွင်ထစ်ချုန်း
တစ်…နှစ်…သုံး
အနက်ရှိုင်းဆုံး ထိုးကျပစ်လိုက်တယ်။
ထူးလှတယ်တော့လည်း မဟုတ်ပါဘူးလေ…

ကြောက်မက်ဖွယ်ရာ လူတွေရဲ့
မဟာဘုတ် ဗေဒင်ထဲမှာမှ
ငါကလည်း “အဓိပတိဘွား” ဖြစ်ချင်ခဲ့တာကိုး။

အိမ်အပြန် ညများစွာမှာ…
ဘယ်သူမှ မပြောချင်တဲ့စကားတွေ ပွေ့ပိုက်
ကိုယ့်ကိုယ်ကိုယ် “လူမိုက်”လို့ပြန်ခေါ်ခဲ့ရတယ်။

၁၉၉၃…၁၉၉၄…
ငါ့ကဗျာလေးတွေ ဆွေးမြေ့ကြေကွဲ
လမ်းဘေးအုတ်ခုံပေါ် လဲကျနေတယ်…။

နှင်းမြားတစ်လက်ရဲ့ အဆိပ်နဲ့
နိမိတ်မကောင်းတဲ့ပုံပြင်
မမြင်ဘူးသော နေ့များ…ညများ
ပိတောက်ပိုင်းဖျားမှာ…၀ပ်တွားစုရုံး
ငါ့ကို…ချည်ထုံးခဲ့တာ…
(ခု…အချိန်တိုင်အောင်…)
အလင်းစိမ်းတန်းတွေ ရစ်ဖွာလို့ကွယ်။

(၄)
မြို့ပြင်လမ်းကွေ့က
တွေ့ခဲ့ဖူးတဲ့ ဂျစ်ပဆီတွေလို
ဖြစ်ခဲ့သမျှကို
ရယ်ကာမောကာ ပြန်ပြောနိုင်တဲ့ အကျင့်လေး
သွေးအေးအေးနဲ့ ကြိုးစားမွေးနိုင်ခဲ့ပြီ။

ဘာပဲဖြစ်ဖြစ်
ကျောက်ခေတ်၊ကြေးခေတ်
နျူကလီးယား ကင်ဆာ၊ အနာဂတ်ခေတ်
အားလုံးအတွက်
သေချာတဲ့ ငါ့…ကြေညာချက်ကတော့
နင့်ကို ထာဝရ ချစ်နေမယ်ဆိုတာပါပဲ…။

ထိပ်ထားရယ်…
ဖြစ်နိုင်မယ်ဆိုရင်…
ဂန္ထ၀င် ပန်းပုရပုဒ်မှာ…
နန်းသုံးအက္ခရာနဲ့ ခြယ်မှုန်း
နင့်နာမည်လေး စာသုံးလုံးကို
စီရီသီကုံးပေးချင်တယ်…။

နင့်အပေါ်ထားတဲ့ ငါ့ရဲ့ချစ်ခြင်းမေတ္တာဟာ
မိုးပေါ်ကိုဦးမော့ပြီး
ဝင်းပစွာ လင်းမြတုန်ခါနေတဲ့
ရွှေဝါရောင် မီးတောက်မီးလျှံလိုပါပဲ…။

ကျောင်းရှေ့က စံပယ်ရုံမှာ
ဗီးနပ်စ်ရဲ့ နက္ခတ်တို့ တလက်လက် ပြာဝေမှုန်သင်း
ကျောင်းခန်းတွင်းမှာ…
လမင်းကလေး သာခဲ့ဖူးတယ်… …။

ချစ်သော ကျောင်းသွားဖော်ရဲ့
ပန်းရုပ်လွှာကို မျှော်တွေးရင်း
ဆွေးလျညှိုးခွေ ဖြေမပြေသူလေး အတ္ထုပ္ပတ္တိ
မြရာပင်ကြီး သိပါတယ်။

ကမ္ဘာဦးလူတို့လည်း (ဂူနံရံမှာ)
ငယ်ကျွမ်းမျက်နှာေ၀၀ါး
ပညာရှင်ကြီးများရယ်…
ပါဠိစာလုံးတွေနဲ့
ငါ့အပေါ် မဆုံးဖြတ်ပါနဲ့ဦး…။

“ချစ်သူကိုတောင်
ချစ်တယ်လို့ မပြောရဲတဲ့ကောင်…
ရာစုတစ်ထောင်နေရစ်ခဲ့…
ထိုသို့ဖြင့် စကားမဲ့စေသတည်း”

မြရာပင်ကြီးရဲ့
ညည်းတွားသဲ့သဲ့ သန်းခေါင်ယံ
ငှက်ဆိုးအုပ်နဲ့အတူ
ရုတ်တရက်လန့်ပျံသွားတယ်…။

ချို့တဲ့သော ကျောင်းသားဘဝ
ဆန္ဒရဲ့ မပြေလည်မှု
အနီရောင်မှတ်တမ်းတစ်ခုနဲ့ ချစ်သူအတွက် ပန်သစ္စာ
သြော်…ငါ့ကိုလေ…
နားလည်ပါ…နားလည်ပါ…
နားလည်စမ်းပါ…။

(၅)
အဲ့ဒီနေ့ရက်တွေမှာ
မာရ်နတ်ရဲ့ ဘယ်ဘက်လက်က
အနက်ရောင် ကျမ်းချပ်တစ်ပိုဒ်ဟာ
ငါ့ကို စီးနင်းတိုက်ခိုက်ဖို့
မြင်းကကြိုးတို့ကို ပြင်လို့“သ”လို့နေခဲ့ပေါ့။

ဘာပဲပြောပြော
ရွှေနဲ့စက်ဝယ်လို့ မရတဲ့
နောက်ဆုံးကလူရဲ့ အတွေ့အကြုံမှာ…
သံမှုန်တွေ ကပ်ပါနေရဲ့
ငါ…ဘာကိုမှ မကြောက်ခဲ့ဘူး။

ဟောဒီလောက တောက်လျှောက်
“ကျောက်သင်ပုန်းပေါ်က သုညနဲ့စာရင်
ဗလာစာအုပ်ပေါ်က သုညကမြတ်တယ်”တဲ့
အဲဒီအော်သံကို ငါရယ်နေခဲ့တယ်။

“မင်းကကော…ဘာလဲ” လို့
အနန္တတွေက ၀ိုင်းမေးတော့
၁…၂…၃…၄…၅…
ငါ…အကုန်စဉ်းစားတယ်
၆…၇…၈…၉…၀…
တစ်ခုမှမဟုတ်ဘူး
ငါ့အတွက် ဂဏန်းမရှိဘူး …။

သွေးနဲ့ယက်တဲ့ ကတ္တီပါစလို
နီလွရှင်းတောက်
ကြောက်ခမန်းလိလိ လှပတဲ့
နှလုံးသားက ဂီတသံစဉ်
နှင်းဆ၀ိညာဉ်မှာ တင်တဲ့ကမ္ဗည်း
လကွယ်ညရောက်တိုင်း…ငါ
ဂစ်တာတီးနေမယ်…။

ကျဆုံးတော့မဲ့ စစ်သူရဲအိုက
ငယ်ဘ၀က ဓားနဲ့ချစ်သူကို
ပြင်းရှစွာ သတိရလိုက်သလိုမျိုး
နင့်ကို ငါသတိရနေတယ်။

ထိပ်ထားရေ…
ထိပ်ထားရေ…
ထိပ်ထားရေ…
သစ်ခုတ်သမားတွေ မရှိတဲ့တိုင်းပြည်မှာ
ငါ…လယ်သမား ဖြစ်ချင်တယ် …
နင်…ဘုရင်မ…လာမလုပ်ရဘူးနော်။

တော်တော်ကြာ…
တံစဉ်တစ်လက်ရဲ့ ကျင့်ဝတ်မှာ
သန်လျက်အတွက် ပန်းခူးပေးခွင့် မပါလို့…
ရွာဇနပုဒ်နဲ့ မိုးရေထဲ
ငါ…တစ်ယောက်တည်း
မျက်ရည်ဝဲနေရပါဦးမယ်…။

ငါကလည်း ခက်တယ်…
ကဗျာတစ်ပုဒ်နဲ့
နေမ၀င် အင်ပါယာ
ဘယ်ဟာယူမလဲလို့ မေးလာရင်
ဒုတိယအရာကို ငါ…ငြင်းတယ်…။

အဲဒီလိုနဲ့ပဲ
မှောက်ထားတဲ့
ငါ့ရဲ့ ကံကော်ရွက် ဖဲချပ်ကလေးတွေ
လောကကြီးကို အမျှဝေရင်း
ကာလများစွာ…ကြာပြီကောလေ…။

(၆)
တောင်ညိုမှာ ပျိုးတဲ့မိုးတွေ
နင့်မျက်နှာလုံးကို တိုးသက်တဲ့အခါ
တောင်ပင်လယ်က ဗေဒါတွေဟာ
ဆောက်တည်ရာမရ ဖြစ်ကုန်ကြတယ်။

ဟေး … ငါပြောမယ် …
… … အက်ဆစ်တိမ်ခိုး…တို့
မုတ်သုန်ကို နှိုးပါ
ဒီလူဆိုးအတွက်လည်း
မိုးကြမ်းတို့ တစ်စက်စက်ရွာပါ…။

“မထိုက်တန်သူဆိုတာ
လွင့်မျောရမှာပါပဲ…”
ခွဲခွာခြင်းဟာ …
ခရမ်းပြာကျည်ဖူးကို
အဆိပ်ချိုတွေ လိမ်းသုတ်
နှလုံးသား တည့်တည့်ဆီ
ချိန်ရွယ် မောင်းဖြုတ်လိုက်တယ် …။

သက်ပြင်းဝေေ၀
ခရေတို့ နှင်းစက်ဖားလျား
မျက်ရည်ကိုစားတဲ့
ချောက်ချားဖွယ် စကားမဲ့ည
ငါဟာ … ထက်ပိုင်းချိုးခံရတဲ့
တစ်ခြမ်းပဲ့ “လ”ပဲ ဖြစ်တယ်။

အိပ်မက်ထဲက ကမ္ဘာစစ်လို
အရိုးပြိုင်းပြိုင်းညနေအိုက…
မြေကိုရှိခိုး …
မြူခိုးတို့ ပျောင်းအိညွတ်တွဲ
လူငယ်ဘ၀ရဲ့
ညရိပ်တို့ မှုန်ေ၀၀မ်းနည်းခဲ့ရတယ်။

အခင်ဆုံး မဖြစ်ခဲ့ပေမဲ့
အခင်ဆုံးတွေအကြောင်း ပြောတိုင်း
သတိရမိနေကျ သူငယ်ချင်းတစ်ယောက်ဆီ
ငါ…မရောက်ရောက်အောင် သွားမယ်…။

ပြီးတော့…
ခရိုးခရိုင်…လက်ဖက်ရည်ဆိုင်လေးမှာ
ကဗျာအကြောင်း စာအကြောင်းတွေပြောရင်း
ကိုယ့်ကိုယ်ကိုယ် ပြန်လည်ဖန်ဆင်းပစ်မယ်..ကွယ်။

အရက်သမားက
သူတစ်ပါးကို လွမ်းဆွတ်တာ
ရယ်စရာ မဟုတ်ပါဘူး
တစ်ရံတစ်ခါရဲ့
ပြန်မလာတဲ့သူတို့
သိကြဖို့ကောင်းတယ်…။

လေညင်းကလေးရေ…
ငါ ချစ်မြတ်ရတဲ့ ကမ္ဘာရဲ့ထိပ်ထားကို
သူ့ဆံနွယ်ခက်လေးတွေ
ဖွားခနဲ လွင့်ဝဲသွားရုံ
တစ်ချက်လောက် အုံ့သည်း တိုက်ခတ်ပေးပါ…။

လေစီးထဲမှာ
ဖွာကြဲလှပနေရှာမဲ့
သူ့ရဲ့ကေသာဆံမြကို
အဝေးကနေ…ရှိုက်မွှေး လွမ်းဆွတ်ပါရစေဦး နော်…။

(၇)
အထီးကျန်တောင်ကို အုပ်စိုးဖို့
နတ်ပြည်က ရွာချတဲ့
ငါ့အတွက်…အညတရမိုး…ရေ
နေပါစေတော့ …။

အဲဒီညဟာ
တစ်ခြမ်းပဲ့ “လ”က
အသက်ပေးပြီး ကာကွယ်ခဲ့ရတဲ့
အလံမလံမီ “ည”…ဖြစ်တယ်။

မြက်ရိုင်းက…
မိုးကုပ်စက်ဝိုင်းကို နမ်းမရသလိုမျိုး
နေနဲ့လက…
တစ်ယောက်ကိုတစ်ယောက် မပိုင်ဆိုင်နိုင်ကြသလိုမျိုး
ရိုးသားစွာ…တို့ဝေးလိုက်ကြပါစို့။

ချစ်သူကို မြတ်နိုးရုံနဲ့
အရာရာကို လက်ဖြန့် မိုးစောင့်ရှောက်ချင်တဲ့လူငယ်
ခု …ချွင်းချက်နဲ့ လက်နက်ချလိုက်ပါတယ် …။

တေလေဘ၀ရဲ့
ပထမဆုရ အမှားတွေကို
လွယ်အိတ်ညိုထဲ ထည့်ပြီး
မီးအိမ်လက်ဆွဲ…
ရာဇ၀င်ထဲမှာ ခရီးဆက်ရဦးမယ်။

ထိပ်ထားရေ …
ကချေသည်တို့ရဲ့ တေးတွေနဲ့
ငြိမ်အေးပျော်ရွင် ထာဝစဉ် ချမ်းမြေ့စေသား …
ကောင်းသော မိုးသောက်ချိန်၌လည်း
ငြိမ်သက်တည်ကြည်စေ…
ငါ … ဆုတောင်းပေးနေမယ်…။

ပန်းခူးရင်း
သူငယ်ချင်းတွေနဲ့နေရင်း …
စကားပြောရင်း …
သီချင်းလေးတွေဆိုရင် …
မင်း …ငါ့ကို မေ့သွားမှာပါ …။

ခုတော့…သွားတော့နော်
ငါ ချစ်မြတ်ရတဲ့ နေရောင်ခြည်တွေနဲ့ မိန်းမပျိုကို
“ဘ၀” ဆိုတဲ့ မာယာနိုင်ငံအိုက …
စောင့်ကြိုလို့ နေရော့မယ် …
သာမည လမ်းခွဲမှာ …
ဝမ်းမနည်းသလို ငါတို့နှုတ်ဆက်
မနက်ဖြန်ခါမှာ … အောင်မြင်ပါစေ
မနက်ဖြန်ခါမှာ … အောင်မြင်ပါစေ
မနက်ဖြန်ခါတိုင်းမှာ … အောင်မြင်ပါစေ …
ထိပ်ထားရေ။

- တာရာမင်းဝေ -

စက်ရုပ်လက်ရေး

ဒီနေ့မှာ နေရောင်ခြည်ဆိုက်ရောက်မှုအားကောင်း
တစ်နာရီကို မိုင် ၃၀ မှ မိုင် ၄၀ အထိ စိတ္တဇ ပျံ့နှံ့တိုက်ခတ်နေ
ကမ္ဘာကြီး ၂၄ ဒီဂရီ ပြောင်းလဲတိမ်းစောင်း.....
အဲဒီစာကို ဘယ်သူပို့လိုက်သလဲ
ကျွန်တော် လူအဖြစ်ကွေးကောက်နေတုန်း ဘယ်သူ Click နှိပ်လိုက်သလဲ။
မြို့ထဲသွားတယ်
အောင်မြင်မှုက Bill Board နဲ့ LED မီးလုံးတွေနဲ့
အော်သံတွေ၊ ဟောင်းလောင်းပေါက်တွေ၊ ယောင်ကိုင်းနေတဲ့ မြေဆီလွှာတွေ
ခြောက်ခြားဖွယ် Classical တီးလုံးသံ၊
မျက်နှာဖုံးစွပ်ပြီး နမ်းကြတဲ့အခါ အမှန်တကယ်မထိတွေ့နိုင်တဲ့
နှုတ်ခမ်းနှစ်ခုရဲ့ ကွာဟခြင်းအတုအယောင်မှာ လူတွေဟာ အရသာရှိစွာ၊
လူငယ်တစ်ယောက်ဟာ မြင်ရတဲ့တစ်နေရာမှာ ဘာကိုစောင့်မျှော်နေပါသလဲ တဲ့
ပုခုံးကိုပုတ်ပြီးမေးလာရင် " ချစ်ခြင်းမေတ္တာ "
အလွတ်ကျက်ထားမလား မင်းနာမည် X
လူငယ်တစ်ယောက်ဟာ ကျွန်တော်
ကျွန်တော်ဟာ မသိကိန်းတစ်ခု၊ ဥပမာ - X ပေါ့ ။
လူအဖြစ်ဟာ အထီးကျန်ခြင်း/ကိုယ်တိုင်ပျောက်
ဆုံးနေခြင်း/နေ့ရက်များစွာ
တွေဝေခြင်းမြူခိုးများအကြားရော
က်ရှိနေရခြင်း
အဲဒီလို X အနေနဲ့တွေ့ရှိရတယ်
The Mist ဆိုတဲ့ ရုပ်ရှင်ကားကြည့်တုန်းက
ခရိုမိုဇုန်းထဲအထိ ဖြတ်ပြေးသွားတဲ့ ကြောက်ခြင်းတရားရဲ့ အသံ !
အသံ !
တချို့စကားလုံးတွေမှာ ကိုယ့်ကိုယ်ကိုယ် အသံဖြစ်စေနိုင်တဲ့ အစွမ်းရှိတယ်
မမ ရေ !!!
( ဘာမှမကြားရပါ )
မမနဲ့ ဝေးကွာခြင်းအပိုင်းအစများ၊ အက်တမ်များ၊ နယူးကလိယက်စ်များ
မမများ၊ လိင်စိတ်ကင်းမဲ့ခြင်းများ၊ စိတ်ကူးယဉ်များ၊
နောက်ဆုံးတော့ အားလုံးဟာ Being And Nothingness ။
ချစ်ခြင်းမေတ္တာဟာ Gaseous အဆင့်ကို ရွေ့လျားလာနေပါပြီ၊ သူ့အမည်ဟာ
Ph 7၊ O 2 ၊ H 2 O ... ဒါမှမဟုတ် ကျွန်တော့်လိုပဲ မသိကိန်းတစ်ခု - X
X ကြောင့် ကျွန်တော်ဟာ လူကုန်ကူးတာမကြိုက်ဘူး
ကျပ်မပြည့်တဲ့ ရူးကြောင်ကြောင်ညီမလေးကို လက်ဆွဲပြီး
သူရဲကောင်း X ဟာ အမှောင်လူသားတွေရှေ့မှာ ခုနှစ်စင်ကြယ်လို လင်းလက်လို့
X ဟာ ချစ်ခြင်းမေတ္တာ(သို့မဟုတ်) မသိကိန်းတစ်ခု
X ဟာ မြင်ရနိုင်တဲ့ကြယ် / မမြင်ရနိုင်တဲ့ အခိုးအငွေ့
အသက်ဓာတ်မရှိတဲ့ ဓာတ်ပုံတစ်ပုံထဲက မိန်းမတစ်ယောက်ရဲ့ ပါးပြင်နေရာကို
အသက်ရှိတဲ့ လူတစ်ယောက်က နမ်းရှိုက်လိုက်ခြင်းကို ကမ္ဘာကြီးက
အချစ်လို့ သတ်မှတ်ပေးပါ့မလား
အချစ်ဆိုတာ ဘာလဲ
ခင်ဗျားချစ်သူရဲ့ လက်သန်းလေးတစ်ချောင်းပြတ်သွား
ရင်
ခင်ဗျား လက်သန်းလိုက်ဖြတ်မလား၊
X ဟာ ခုတော့ ရိုဘော့ လုံးလုံး ဖြစ်ရပြီပေါ့
ရိုဘော့ တစ်ကောင်/တစ်ယောက်/တစ်ခု ရဲ့
တုံ့ပြန်မှု စနစ် လို " ထမင်းစားပြီးပြီလား " မေးခွန်းနံပါတ် - ၉၁၇၂
ညာဘက်ခြေထောက်ကို .... Newton အားနဲ့  ဘယ်ဘက်ခြေထောက်ကို  ..... Newton အားနဲ့
လမ်းလျှောက်မှု လေ့ကျင့်ခန်း၊
မိန်းမတစ်ယောက်ဆီက အချစ်ကိုမရရင် ဘာယူမလဲ
SEX လား   Fornucation Under Control of the King ကိုယူမလား
အားလုံးဟာ Program ခန်းမတစ်ခုထဲက
လူလွန်မသားတစ်ယောက်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေကြရတာ သေချာတယ်၊
ရိုဘော့ X ဟာ နေ့မနား၊ ညမနား ကိုယ့်ဖြစ်တည်မှုကိုယ် ပြန်စဉ်းစားတယ်
မြို့ပြထဲမှာ ကဗျာရေးတယ်၊ Email တည်ဆောက်ထားတယ်
Face book မှာ လှုပ်ရှားမှုတွေ လုပ်တယ်၊ ကဗျာတွေ ရေးတယ်
ရိုဘော့ X ခွမ်းခနဲအသဲကွဲတယ်
နောက်တော့ ရိုဘော့ X အားလုံးကိုအယုံအကြည်မရှိတော့ဘူး
Nihilist တစ်ယောက်ဖြစ်လာတယ်/ ဖြစ်ချင်လာတယ်
" မြို့ဟာ ချော်ရည်ပူတွေနဲ့ အက်ကွဲကြောင်းတွေနဲ့....." စတဲ့
ကဗျာတွေရေးပြီး ထွက်ပြေးတော့တယ်၊
ရိုဘော့ X မြို့ထဲမှာပျောက်ဆုံးနေတယ်
သူတည်ရှိနေရာနေရာကို GPS System နဲ့လည်း ရှာလို့မရပါဘူး
သူ့ဆီကို Message ပို့ပေးပါ၊ အာဟာရမျှဝေစားသုံးပါ၊ ချစ်ခင်ပေးပါ
ရိုဘော့ X ရဲ့ Expire Date က 6.6.2011
This is not Training .
ဒါအစမ်းလေ့ကျင့်နေတာ မဟုတ်ပါဘူး ။
ဒီနေ့မှာ နေရောင်ခြည်ဆိုက်ရောက်မှုအားကောင်းပါတယ် ( Robot - X ) ။

- မောနွေ -
New Style Magazine , 2011 December

Monday, November 25, 2013

အဲ့ဒီလို တဖြည်းဖြည်း နီးမလိုနဲ့ဝေး

အဆက်အသွယ်ပြတ်တောက်သွားတဲ့ ဇန်န၀ါရီတစ်လလုံးလုံး
သံယောဇဉ်တွေ ပရမ်းပတာနဲ့ ရန်ကုန်မြို့ကို နှင်းဝေဖုံးတယ်
ဘာတစ်ခုမှ ချမရေးဖြစ်တာဟာလည်း ကဗျာတစ်ပုဒ်ပါပဲကွယ် ဆိုတာ
ရူးကြောင်ကြောင်ကောင်တွေ မူးလာရင်ပြောတတ်တဲ့အရာ
ဒီကမ္ဘာမှာ နင်ရှိနေသေးရဲ့လားလို့ ပူပန်မှုနဲ့ ငါက ရတက်ပွေရ
နင်က
စွဲချက်တွေ တပုံတမနဲ့ အတိတ်ကို ကန်ထုတ်ချင်နေတယ်
ပြည်လမ်းပေါ်က ခရေပန်းတွေ ညအပျက်ကြီးထဲ သိပ်မကြွေတော့ဘူး
လိုင်းဆွဲအားမကောင်းတဲ့ ဖုန်းတစ်လုံးကို အရင်လို ငါသည်းမခံနိုင်တော့ဘူး
Facebook စာမျက်နှာပေါ်က ငါအသံမထွက်တတ်တဲ့ နာမည်တစ်လုံး
ကလစ်တစ်ချက်ထောက်လိုက်တာနဲ့ ပွင့်ကျလာမယ့် Photo Album
ခုတလော အင်တာနက်သုံးရတာ သိပ်လူရိုင်းဆန်တယ်
သတိရတယ်ဆိုတာ
Mail တစ်စောင်ပို့လိုက်ရုံ Message တစ်ခုထားခဲ့ရုံနဲ့
အပြီးသတ်ကျေအေးသွားမယ့် အမှုအခင်းမျိုးမှ မဟုတ်ဘဲ
သန်းခေါင်ကျော်တော့လည်း အလွမ်းစိတ်ကို SignOut လုပ်လိုက်ရ
ဘာပဲဖြစ်ဖြစ်
ချစ်တယ်…လို့ ပြောခဲ့မိတာ ခွင့်လွှတ်ပါ
ဒီနှစ် ဖေဖော်ဝါရီမှာ
ငါ နင့်ဆီ သစ္စာပန်းတွေ ပို့နိုင်ဦးမယ်မထင်ဘူး။ ။

- ဥက္ကာကိုကို (သံတွဲ) -

ခုချိန်ဆို နင်နေထိုင်တဲ့အရပ်ဆီမှာ နှင်းတွေကျနေတုန်းလား

ကြည့်မြင်တိုင်နေပြည်တော်
ဘုံခြောက်ဆင့်ပေါ်ကနေ
နင်ရှိတဲ့အရပ်ဆီ သမသတ်မျှော်လိုက်တော့
ကမ္ဘာ့မြေပုံမှာ
သတိရစိတ်တွေ လင်းဖြာသွားလေရဲ့။

ငါက ကျိန်စာသင့်နေသူပါချစ်သူရယ်
ကိုယ့်ဝိညာဉ်တောင် ကိုယ်မပိုင်တဲ့အဖြစ်နဲ့
မြို့ဟောင်းကြီးထဲမှာ မျက်ခုံးလှုပ်လှုပ် ရပ်တည်နေပါတယ်။

ခုချိန်ဆို
နင်နေထိုင်တဲ့အရပ်ဆီမှာ နှင်းတွေ ကျနေတုန်းပဲလား
ငါကတော့
အမြင့်မားဆုံးအပူဒဏ်အောက်
ထီးတစ်လက်နဲ့ လျှောက်နေရဆဲလေ။

“နင်နဲ့ငါနဲ့က သူငယ်ချင်းတွေပါ” ဆိုတဲ့စကားကို
ကိုယ့်စိတ်ကိုယ် ယုံကြည်မှ ပြောစမ်းပါကွာ
နင်လည်းငါ့ကိုချစ်တယ်ဆိုတာ
ငါ သေသေချာချာ သိခဲ့တာပေါ့။

တစ်နေ့ညက
သိမ်းထားတဲ့ နင့်ဓာတ်ပုံလေးကို စိုက်ကြည့်ပြီး
ညကြီးမင်းကြီး တရားထမှတ်ဖြစ်တယ်
အဲဒီတရားက ချစ်ခြင်းတရားပဲဆိုပါစို့
“နင့်ရင်ထဲမှာ ငါရှိရဲ့လား”ဆိုတဲ့ ဂါထာကို
အခေါက်တစ်ထောင် ဥုံခံရွတ်ရင်း
နင့်အပေါ်ချစ်တဲ့အချစ်မှာ
ငါဟာ သိဒ္ဓိပေါက်ခဲ့ပါတယ်။

ကောင်းကင်ပေါ်မှာ
လေယာဉ်ပျံတစ်စင်း ပျံသွားတာတွေ့တိုင်း
ငါက အားငယ်စိတ်နဲ့ ရပ်ကြည့်မိတယ်
ပြီးတော့လည်း ပြီးသွားတာပေါ့
ငါကလည်း ငါပါပဲ
လေတိုက်လို့ သစ်ရွက်လှုပ်ရင်တောင်
ချစ်သူကိုလွမ်းပြီး မျက်ရည်ဝဲတဲ့ကောင်။

အွန်လိုင်းပေါ်က ပျောက်ပျောက်နေတဲ့မီးလုံးလေး
ဟိုးအဝေးကြီးမှာ အိပ်ပျော်နေရှာမလား
ကယောင်ချောက်ခြားနဲ့ “အို..အေး..အေ” လို့ ငါထရွတ်တယ်
ဒီမှာက နေ့ဆို နင့်ဆီမှာ ည
ငါတို့နှစ်ယောက်တွေ့ဆုံချိန်တွေက သိပ်မလှပါဘူးကွာ။

နင့်အပေါ်ထားရှိတဲ့မေတ္တာမှာ
ကာမတဏှာတွေပျောက်နေတာ
ငါ့ဘာသာတောင် ပြန်အံ့သြရတယ်
နင်က ငါ့ရဲ့ ညီမလေးပါ
နင်က ငါ့ရဲ့ဆင်ပေါက်လေးပါ
နင်က ငါ့ရဲ့ ခွေးပုလေးပါ
ပလေတိုကြီးရေနစ်တဲ့အချစ်* နဲ့ နင့်ကိုငါ ချစ်နေမှာပေါ့။

ငါက ခေသူမဟုတ်တော့
ဒုတိယတန်းအရွယ်မှာ
အတန်းဖော်မလေးတစ်ယောက်ကို ရည်းစားစာပေးဖူးတယ်
အဲ့ဒီကောင်မလေးကလည်း ခေသူမဟုတ်တော့
အတန်းပိုင်ဆရာမကို သွားတိုင်တာပေါ့
ဆရာမက ငါ့စာကိုဖတ်ပြီး တခစ်ခစ်နဲ့
ကျောင်းအုပ်ကြီးကလည်း ငါ့စာကိုဖတ်ပြီး တဟစ်ဟစ်နဲ့
ငါက အဲဒီတုန်းက
ကြိုက်တယ်ဆိုတာကို စာလုံးမပေါင်းတတ်သေးတော့
စာထဲမှာ
“နင့်ကိုငါ ကြတ်တယ်” လို့ရေးပေးလိုက်တာလေ။

အဲဒီလိုပါပဲ ချစ်သူရယ်…
ဦးဇေယျာကို** က
နေကြတ်လကြတ်တွေ ဘယ်လောက်ဟောနေနေ
ငါကတော့
နင်နဲ့ပဲ “ကြတ်” ချင်ပါတယ်။

မိုနာလီဇာအပြုံးလှတယ်ဆိုတာ
အရက်သမားတွေ မူးကြောင်ရူးကြောင်လျှောက်ပြောတာပါ
ဘယ့်နှယ်… မချိုမချဉ်စပ်ဖြဲဖြဲလုပ်နေတာကြီးကိုများ
ငါကတော့
“သူမအပြုံးလောက်လှတာ ဆယ်ကမ္ဘာမရှိ
ထိုသို့သာလျှင် ကျွန်ုပ်ထင်ချေ၏” လို့ ရေရွတ်ရင်း
နင့်ရဲ့စီတန်းနေတဲ့ သွားဖြူဖြူလေးတွေကို
နှုတ်ခမ်းရော လူရော လွမ်းနေတော့တာပါပဲ။

ရှေးမြန်မာတွေ ကိုးကွယ်ကြတဲ့
ကိုယ်စောင့်နတ် ၁၂ ပါးထဲက
နံပတ် ၇ နတ်ရဲ့နာမည်က “ကညာယက္ခ”တဲ့
သမီးပျိုကို စောင့်ရှောက်သောနတ်လို့ခေါ်တာပေါ့
ငါကလည်း
နင့်အနားမှာ ထာဝရစောင့်ရှောက်ရင်း
အလင်းရောင်တွေဖြန့်မိုးပေးချင်ခဲ့သူပါ
( တချို့ကတော့ ကောက်ရိုးပုံစောင့်ခွေးလို့ခေါ်ကြမှာပေါ့
  ချစ်သူသာရှိရင် ဘာကိုမှ ငါဂရုမစိုက်ပါဘူးကွယ် )။

ကွမ်းစားတာ သဘောကျတယ်လို့နင်ပြောတဲ့အခါ
ကွမ်းယာကုလားတွေကိုယ်စား ငါက ကျေးဇူးတင်ရပါတယ်
ထမင်းစားပြီးတိုင်း ကွမ်းထုပ်လေးကိုဖြည်ကာ
ဆေးဖယ်ထားတဲ့ ကွမ်းတစ်ယာ
နင့်ကိုခွံ့ကျွေးမှာပေါ့။

ပြီးရင် တို့တွေ တစ်ရေးတမော အိပ်ချင်အိပ်ကြမယ်
ငါက နင့်ပါးလေးကို လက်ညိုးနဲ့တို့ထိပြီး
ရွှေမင်းသမီးနဲ့ ကဗျာဆရာ ပုံပြင်တစ်ပုဒ်ကို တိုးတိုးပြောပြ
နင့်ကိုချော့သိပ်ရင်း အိပ်မက်တွေလှပစေမှာပါ။

နင် နိုးလာတဲ့အခါ
နင့်ရဲ့ ညာဖက်လက်ကလေးကို ဖွဖွကိုင်ဆွဲ
သနပ်ခါးရေကျဲလိမ်းထားတဲ့ ညနေခင်းထဲ
ခပ်ရဲရဲပဲ တွဲလျှောက်သွားကြမယ်လေ
( အဲဒါဟာ ငပလီကမ်းခြေတစ်နေရာမှာ ဖြစ်ချင်ဖြစ်မှာပေါ့ )။

အဲဒီလိုလေးတွေပေါ့ ချစ်သူရယ်….
ချစ်တဲ့စိတ်နဲ့ ငါနဲ့
အရူးကြီးရူးခဲ့ရပါတယ်
ငါချစ်တဲ့ ဆင်ပေါက်လေးအတွက်
ငါ ဒီကဗျာကို ရေးသားမိပါရဲ့
နင်ကတော့ ကလစ်တစ်ချက်အသာနှိပ်
ပွင့်ကျလာတဲ့စာမျက်နှာမှာ
ကော်မန့်တစ်ခုဝင်ပေးပြီး
သူငယ်ချင်းတို့ရဲ့ ၀တ္တရားကို ကျေပွန်စေရုံ
မျက်နှာလေးခပ်မှုန်မှုန်နဲ့
နှုတ်ခမ်းလေးကို ကွေးကွေးမဲ့မဲ့
“ဟာသပဲ” လို့ ထင်ခဲ့မှာပေါ့။

ရပါတယ်ကွယ်…
ငါကလည်း
ချစ်တဲ့စိတ်ကို ရင်မှာပိုက်ပြီး
ခပ်မိုက်မိုက်ပဲ ရှေ့ဆက်တိုးခဲ့ပါမယ်။

“တစ်နေ့ ငါယူတဲ့ယောက်ျားဟာ
နင်ပဲဖြစ်စေရမယ်” လို့ တဟားဟားရယ်ရင်းပြောတဲ့
နင့်ရဲ့ စကားလေးကို
အသည်းကြားမှာ ထည့်ထားမိတယ်
ဒါဟာ
စစ်ချီတေး တစ်ပုဒ်ပေါ့ချစ်သူရယ်
လာ….လာ…
ငါတို့တွေ မာန်ပါပါနဲ့ ချီတက်သွားရအောင်။

ခုချိန်ဆို
နင်နေထိုင်တဲ့အရပ်ဆီမှာ နှင်းတွေ ကျနေတုန်းပဲလား
ပြန်လည်ဆုံတွေခြင်းဟာ
ရက်ပေါင်းရာနဲ့ချီ ကြာလိမ့်ဦးမှာလား
အင်းလျားကန်ကြီးက နင့်ကိုမျှော်နေတယ်
ပြည်လမ်းမကြီးက နင့်ကိုမျှော်နေတယ်
၃၃လမ်းညနေခင်းက နင့်ကိုမျှော်နေတယ်
ပြီးတော့…
ကဗျာထမ်းလမ်းလျှောက်တစ်ကောင်ကလည်း
နင့်ကို အမျှော်ကြီးမျှော်နေတာပေါ့ကွယ်။

နင်ကတော့….
ဆီးနှင်းတွေ တဖွဲဖွဲကျနေတဲ့
ဖြူဖွေးစိုစွတ်သော လမ်းမကြီးတွေမှာ
အနွေးထည်ပွကျားကျားလေး ၀တ်လို့
ပူပင်သောကကင်းမဲ့စွာ
တလှတပလေး ပြုံးနေဦးမှာပါပဲ။

အဲဒီအပြုံးလေးတွေကို
ငါက မြင်ယောင်ရ
ရင်ခုန်ရ
လွမ်းမောရ
ကြေကွဲရ
ပင့်သက်ရှိုက်နေရ
သက်ပြင်းပူတွေမှုတ်ထုတ်ရင်း နုံးလျခွေကျရ။

ငါ နင့်ကို သိပ်သတိရတာပဲ ချစ်သူရယ်
အဲ့ဒီလို
ကယောင်ချောက်ခြားနဲ့ ထပ်ပြောမိပြန်တယ်
ခုချိန်ဆို
နင်နေထိုင်တဲ့အရပ်ဆီမှာ
နှင်းတွေ ကျနေတုန်းပဲလား။ ။

- ဥက္ကာကိုကို -

* ပလေတိုကြီးရေနစ်တဲ့အချစ် – platonic love ကိုဆိုလိုခြင်းဖြစ်ပါသည်။
   သူမကိုချစ်တဲ့အချစ်သည် တဏှာရာဂကင်းစွာရှိချေ၏။
** ဦးဇေယျာကို – နက္ခတ်သိပ္ပံအဖွဲ့မှ အမှုဆောင်အရာရှိချုပ် နက္ခတ်ဗေဒင်ပညာရှင်ဖြစ်ပါသည်။

၁၉၉၁တုန်းက ငါ့ကိုမွေးခဲ့တယ်

ငါ့ကို မွေးထဲက
ဆိုးဆေးတွေ ပိုနေလို့တဲ့
တစ်ကိုယ်လုံးကို ဆိုးပေးခဲ့ကြ။

ဂွမ်းတွေ ပိုနေလို့တဲ့
ငါးနားနှစ်ဖက်ကို ပိတ်ပေးခဲ့ကြ။

တိပ်တွေပိုနေလို့တဲ့
ငါ့ပါးစပ်နဲ့ မျက်လုံးတွေကို ကပ်ပေးခဲ့ကြ။

ကြောက်ရွံ့မှုဟာ ငယ်ဘဝဆိုရင်
မယုံကြည်မှုဟာ ယနေ့အချိန်ပေါ့။

ငါ့ရဲ့ အလင်းရောင်ဟာ
ကိုယ့်အားကိုယ်ကိုး အိမ်တွင်းဖြစ် ဖယောင်းတိုင်။

ငါ စားသောက်ခဲ့ရတာက
မတရားမှု ကိုယ်စီ။

ငါ ဝတ်နေရတာက
ငါ့တဘို့ စိတ်ဓါတ်။

ငါ ဒီနေ့အထိ ရပ်ခဲ့တဲ့ မြေက
ငါပိုင်တယ်ဆိုတဲ့ အမည်ခံ မြေ။

ငါ ငယ်ငယ်တုန်းက
လူငယ်ပီပီ
တစ်ခါတရံ သူရဲကောင်းမျှော်ခဲ့တယ်
သူရဲကောင်းကအမြဲတမ်းတိုက်ပွဲရှုံးခဲ့တယ်။

လူငယ်ပီပီ
သူရဲကောင်းဖြစ်ချင်ခဲ့တယ်
သူရဲကောင်းဖြစ်ချင်တာနဲ့ပဲ ငါတိုက်ပွဲရှုံးခဲ့တယ်။

ခေတ်တစ်ခုရဲ့ ကမ်းပါးတွေပေါ်မှာ
ငါ့သူငယ်ချင်းတွေ ပြိုကျကုန်တာ ငါကြည့်ခဲ့ရ။
ငါ ယုံကြည်သမျှတွေကိုလည်း
ငါ့နိုင်ငံကတိုက်စားကုန်တာ ငါကြည့်ခဲ့ရ။

ပေါင်မုန့်မရှိရင် ကိတ်မုန့်စား ဆိုတဲ့ မေရီဟာ
ရန်ကုန်မှာများ ကြီးပြင်းခဲ့လေသလား ။

ငါဟာ အော်ပြောရတဲ့ ခေတ်မှာ ကြီးပြင်းခဲ့ပေမယ့်
ဈေးမြင့်လှတဲ့ ဖုန်းဘေလ်အတွက် ခဏခဏတန်းစီဖူး။

ငါ့ မှာ ဟန်ဆောင်လိုစိတ် နည်းသေးတဲ့အရွယ်မှာ
နေပူကြီးထဲမှာ မင်္ဂလာပါ ဘဘလို့ ခဏခဏအော်ခဲ့ရဖူး။

ငါ ဘာမှ မသိခဲ့ပေမယ့်
ကြက်ဆူပင်တွေ ခဏခဏစိုက်ခဲ့ရဖူး။
ဒီလိုနဲ့ မဆိုင်တာတွေနဲ့ အသက်ရှင်ဖို့ ထမင်းစားခဲ့ရတယ်။

ငါဖတ်ရဖူးတဲ့ သတင်းစာတိုင်းမှာ လမ်းတွေ ပြင်တာပါတယ်
ငါသွားခဲ့ရတဲ့ လမ်းတိုင်းမှာ အပေါက်အပြဲတွေပါတယ်။

ငါကြည့်ခဲ့ရဖူးတဲ့ ရုပ်ရှင်တိုင်းမှာ ပြီးပြည့်စုံခြင်းတွေ ပါတယ်
ငါနေထိုင်နေရတဲ့ ပတ်ဝန်းကျင်မှာ မပြည့်စုံမှုတွေပါတယ်။

၈ နာရီမှာလာတဲ့ သတင်းကားတိုင်းမှာ
မီးတွေ ထိန်ထိန်လင်းလို့
ငါ စာကြည့်တိုင်း အလှည့်ကျ
ရာရှင်မီးကလည်း ထိန်ထိန်လင်းလို့။

အမျိုးသားယဉ်ကျေးမှုဆိုတဲ့ ကိုယ်ဝန်လွယ်ပြီး
၁၉၉၁ မှာ သူတို့ငါ့ကို မွေးခဲ့တယ်။

ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းဆိုတဲ့ ကိုယ်ဝန်လွယ်ပြီး
၁၉၉၁ မှာ သူတို့ငါ့ကို မွေးခဲ့တယ်။

အမျိုးသားရေးကို ဘယ်တော့မှ
သစ္စာမဖောက်ဆိုတဲ့ ကိုယ်ဝန်လွယ်ပြီး
၁၉၉၁ မှာ သူတို့ ငါ့ကို မွေးခဲ့တယ်။

မွေးထဲကအသေလေး မွေးခဲ့တယ်။


- မောင်မြတ်သူ -

ခေတ်သူတောင်းစား

သူတောင်းစားဟာ သူ့သူတောင်းစားမိသားစု
အိမ်ပြန်အလာကို စောင့်နေတယ်။
စောင့်နေရင်း သူတောင်းစားဟာ ခါးကြားထဲက
ဂျာနယ်ကိုထုတ်ပြီး ဟိုဟိုဒီဒီဖတ်ကြည့်တယ်။
သူတောင်းစားဖတ်တဲ့ ဂျာနယ်ဟာ
စာရွက်နှစ်ရွက်သာ ပါတယ်။
တစ်ရွက်မှာ ငွေငါးထောင်တန်စင်မ်ကဒ်အတွက်
ပြည်သူတွေတောင်းဆိုကြတာကို ဖတ်မိတယ်။
တစ်ရွက်မှာ ဖုန်းတစ်လုံးကို
ခြောက်ဆယ့်နှစ်သိန်းနဲ့ ဝယ်သွားတာကိုဖတ်မိတယ်။
သူတောင်းစားဟာ နှစ်ခုလုံးဖတ်အပြီးမှာ
နားမလည်စွာခေါင်းခါတယ်။
အဲ့ဒီနောက် သူတောင်းစားဟာ
ဂျာနယ်နှစ်ရွက်ကို ဖြန့်ခင်းပြီး
သူ တောင်းလို့ရလာတဲ့ ထမင်းကျန်တွေ
သွန်ထည့်လိုက်တယ်။ဟော..
ပြောရင်းဆိုရင်းသူတောင်းစားမိသားစုဟာ ပြန်လာကြပြီ။

- နေပိုင် -

ဒါတွေကို ဒီလိုရေးပြီး ဒီလိုသားထားမိတယ်

မြို့ပြဗိုင်းရပ်စ်ကသွေးသားထဲ ကြုံရင်ကြုံသလို ကျုံ့ဝင်နေတယ်
ဂရပ်ဖစ်တီတွေ အရည်ပြားပေါ် တွားတက်လာတယ်
နံရံတစ်ချပ်ကိုကြည့်နေရင်း နံရိုးတစ်ချောင်းဆီ ရောက်တယ်။ စိတ်က
နာရီမပတ်ဖြစ်တာလည်း ကြာပြီ
တိုင်တော့ အမြဲလိုလိုပတ်တယ်
မြင်မြင်ရာ sex ရိပ် စစ်ငွေ့တွေချည်းပဲ
ကြံစည်ထားသမျှကလည်း ကျည်ဆံရာအပြည့်
ခလုတ်တိုက်မိရင်တောင် ခလုတ်နှိပ်မိမလို ကြောက်နေရတယ်
အနေအထားကအလေဇယားတွေများတယ်
ကြာရင် ဂါသွားနိုင်တယ်
ဖန်ခွက်ထဲလည်း အဖတ်ဆယ်မရတာတွေပဲ
အဖန်တစ်ရာမကကျကျနေတယ်
ဖာဂီကြီးလည်း နားသွားပြီ (ကြားတာပဲ)
ကိုယ်လည်း ဟန်ဆောင်လူ့အဖွဲ့ အစည်းရဲ့ စည်းထဲ
ဟန်ဆောင်လှဲချဖို့ပဲ လေ့ကျင်ချင်တော့တယ်
အဝေးကွင်းကလူငယ်အရောင်က
အကြမ်းဝတ် ဂျင်းဘောင်းဘီအနားစလေးလို ဖွာထွက်နေပြီ
ရှည်လာတဲ့ ဆံပင်ကိုလည်း မညှပ်ဖြစ်ဘူး
ရှည်နေတဲ့ အတွေးကိုလည်း မဖြတ်ဖြစ်ဘူး
အကျိုးဆက်ကတော့ ဆက်ရင်းနဲ့ ကျိုးခဲ့တယ်
တိုးတိုးဖော်လေးလည်း တိတ်တိတ်လေး လစ်သွားပြီ
စိုနေတဲ့မျက်ရည်ကဆိုနေတဲ့သီချင်းကိုပါ ရွှဲရွှဲစိုစေတယ်
စိတ်ရဲ့ ခုခံအားအတွက် တစ်ခုခုနဲ့ ခုပြီးခံထားလိုက်ဖို့တောင်
တစ်ခုခုဆို ဝမ်းနည်းစိတ်ကငယ်ထိပ်တက်ပေါက်တယ်
လုပ်သလိုမဖြစ်လို့ ဖြစ်သလိုလုပ်မိတာတွေကလည်း
အလုပ်မဖြစ်ဘဲ အလစ်တေ့ဖြုတ်သွားကြတယ်
တခါတလေမှားမိတာပေါ့ ပြောပြီး ခိုးသားငါးရာနဲ့ ဆိုတာမျိုး
ကမ္ဘာကြီးကအစ သန္ဓေတားဆေးနဲ့
သစ်တောတွေလည်း ကျွတ်ကျဲနေပြီ
ရေခဲမြစ်တွေလည်း ပျော်ပျော်ကြီးကို ပျော်ပျော်ပြီး သားလျှောနေပြီ
ကိုယ့်မှာတော့ မပျော်တဲ့စိတ်တစ်ခုနဲ့ ခဲနေရ
အနေအထိုင်ကိုပါ အနည်မထိုင်အောင် လှုပ်လှုပ်ကြည့်နေရ
ပုံသေနည်းတွေမကြိုက်လို့ ပုံစံရှင်ပဲရွေ့နေလိုက်တယ်
စီထားတာတွေဆန့်ထုတ်ရင်း အဆုံးထိမဆန့်တဲ့စိတ်ဟာ ဆန့်တငင်ငင် ။

- ဆူးရဲ -

သေချင်းဆိုး ငှက်ပျောပင်

အခွံကလွဲပြီး အနှစ်မရှိဘူး
လှုပ်ကြည့်ရင်တောင် ရေပဲရှိတယ်
တစ်လွှာချင်းခွာ
အဲ့ဒီ သေချင်းဆိုးအလွှာကို
ငါးဟင်းရည်ထဲပစ်ထည့်
သူမပါရင်မပြီးတဲ့
ဗမာကြိုက်တဲ့ မုန့်ဟင်းခါးရတယ်
သေချင်းဆိုးအပင်ကတစ်ခိုင်လုံးရွှေတဲ့
ရနံ့မွှေးမွှေးသေချင်းဆိုးအသီးကို သီးတယ်
မမှည့်ခင်ကသေချင်းဆိုးအစိမ်းရောင်
မှည့်လာတော့ သေချင်းဆိုးအဝါရောင်
အနီရောင်တောင် တစ်စက်ကလေးမှမပါဘူး
သေချင်းဆိုးစွိုင်းပေါ်ကပျော့တွဲတွဲအသီးတွေ
သေချင်းဆိုးရောဂါလည်း ထည့်ပေးထားတယ်
သေချင်းဆိုးအာဟာရလည်း ဖြည့်ပေးထားတယ်
အဲ့ဒီလိုသေချင်းဆိုးကောင်းတဲ့အသီးတွေ
သေချင်းဆိုးနတ်တွေလည်း ကြိုက်တယ်
ဘုရားရှေ့မှာဆို သေချင်းဆိုးကို လက်အုပ်ချီရတယ်
ပြာယာခတ်တဲ့ သေချင်းဆိုးမျောက်လွှဲကျော်က
သေချင်းဆိုးအောင် ကြိုက်တဲ့ အသီးတွေ
ခုတ်လှဲပြီးလို့ သေချင်းဆိုးအခွံမို့ အထင်မသေးနဲ့
သေချင်းဆိုး အတုံးကဖက်အိပ်လို့ရတယ်
ကုန်ကုန်ပြောမယ်ဗျာ ...
လှံနဲ့စိုက်ရင်တောင်
သေချင်းဆိုးအောင် လျှောကနဲ ဝင်တယ်
ဘာအနှစ်မှမရှိဘူး သေချင်းဆိုးအခွံကြီးပဲ
ဒါမို့ ငါကငှက်ပျောပင်လိုမျိုး
သေချင်းဆိုးလှောင်ရယ်ဖို့ကောင်းတဲ့
သေချင်းဆိုးနေတဲ့ကောင် ... ။

- နီလေး -

Gallery

အင်္ကျီနဲ့လုံချည်တူ၊ ဦးထုပ်နဲ့လွယ်အိတ်တူ၊ အနောက်မှာလှေတစ်စီးကို မှုန်ပျပျမြင်ရပြီး သောင်ပေါ်မှာ သဲတွေလှတယ်။ လက်မ,ပွတ်ဆွဲ။ ဆံပင်ခွဲကြောင်းထိပ်မှာ အဆီတွေပြန်နေတာ ငေးကြည့်ချင်စရာပဲ၊ Blue Mountainရေသန့်ဘူးကို မျက်လုံးမှိတ်ပြီးကြည့်နေတယ်။ လက်မ,ဘေးတွန်း။ နည်းနည်းမှောင်တော့ ညာဘက်နှုတ်ခမ်းစွန်းက မှဲ့ကလေးဘယ်မှာလဲ။ လက်မ,ရွှေ့ကြည့်။ နင်တို့ကလည်း ပန်းကန်ဆေးတာတောင် အလွတ်မပေးဘူးဆိုတဲ့ပုံနဲ့ ရယ်နေ။ လက်မ,တို့ထိ။ နှာခေါင်းဘေးမှာ ၀က်ခြံမှည့်နေပေမယ့် ဆံပင်ကို ကျွဲလိုစည်းထားတယ်။ လက်မ,ပွတ်ပြောင်း။ ဒါမေမြို့ကထွက်တဲ့ ဆွယ်တာကြီးပဲ၊ တစ်နိုင်ငံလုံးဝယ်ဝတ်ကြသမျှ သူနဲ့မှ လှတယ်။ လက်မ,ဘယ်toညာ။ ဂျူတီကုတ်ကို တွံတေးသိန်းတန်ဒီဇိုင်းနဲ့ ကိုင်ထားပုံက ဆံပင်ရှည်တွေထဲ မျောနေသလို။ လက်မ,ရွေ့လျား။ ပန်းရောင်ကို ခိုင့်အရောင်လို့ ပြောင်းခေါ်ကြစမ်းပါ။ လက်ညှိုး,လက်မ,စုတင်ပွတ်ချဲ။ တစ်ဖက်တစ်ချက်စီ ရွှဲကျနေတဲ့ မျက်ခုံးတွေရှင်းရှင်းသန့်သန့်။ လက်မ,လှုပ်လိုက်။ လင်းလင်းစတိုင်လ်နဲ့ပြောရရင် ခေါက်ရိုးကျိုးပါတိတ်နဲ့၊
ခေါက်ရိုးကျိုးနှာသီးဖျားလေးနဲ့၊ ခေါက်ရိုးကျိုးလက်သည်းတိတိလေးတွေ။ လက်မ,တို့ထိ။ ကာဗွန်ဒိုင်အောက်ဆိုဒ်ရှူတဲ့ပန်းလေးရယ်၊ အောက်စီဂျင်ရှူတဲ့ ပန်းလေးရယ်။ လက်မ,ဘေးရွှေ့။ သူငယ်ချင်းငါးယောက်ထင်တာပဲ/ထင်းနေကြောင်းမျဉ်းသားမပြတော့ဘူး။ လက်မ,ဖွဖွပွတ်။ အပ်ထိုးခံနေတဲ့သွေးကြောကို မနာလိုဖြစ်မိတဲ့အထိ။ လက်မ,လက်ညှိုး,ဖိကား။ ဘယ်ဘက်နားရွက်လေးနဲ့ဘယ်ဘက်ညှပ်ရိုးလေးကို မျဉ်းဖြောင့်ဆွဲ၊ ဆုံမှတ်မှာ မှဲ့နက်ကလေးတည်ရဲ့။ လက်မ,ထပ်တွန်း။ ကြွပ်ကြွပ်အိတ်လိုဦးထုပ်ကြီးနဲ့၊ အစိမ်းရောင်ဝမ်းဆက်ကြီးနဲ့။ ဟေ့ .. ငါ့ကိုခွဲရင် ရာဘာလက်အိတ်မစွပ်နဲ့၊ ပကတိလက်ကလေးနဲ့ထိတွေ့လိုက်စမ်းကွယ့်။ လက်မ,တင်ရွှေ့။ လည်တိုင်သွဲ့သွဲ့မှာ နားကြပ်နီနီလေးခွေခွေ၊ နားကြပ်က L ကို Love လို့လိုရာဆွဲတွေးတယ်ကွာ။ လက်မ,ပွတ်ယူ။ ပိတောက်ခက်နဲ့မောင့်အသက် (ဒါဆို ခေတ်ဟောင်းဓာတ်ရှင်ကားနာမည်ဖြစ်သွားမလား)။ လက်မ,ဘေးတိုက်ပြေး။ မင်းကွန်းရောက်အမှတ်တရ။ သဲသဲရောငါပါခေါင်းပေါ်ဖုန်တွေသဲတွေအလိပ်လိပ်။ သဲသဲကိုင်ထားတဲ့ငါ့လက်မောင်းဟာ သဲသဲဘ၀ဖြစ်ကြောင်းငါမြင်နေရ။ ဒီနေရာရောက်မှ ခိုင့်အပေါ်လောင်တဲ့ မီးဟာ ဟုတ်ခနဲငြိမ်းသွားတယ်။


- ဟိန်း -

ငါကြည့်နေတုန်း မြို့က ပိုပိုအို

အမှတ်မှားစရာ ကွဲပြားမှုတွေနဲ့ ကြီးပြင်းလာရင်း
မြို့ပြရဲ့ အသံတိတ် ပျက်စီးမှုမှာ အသားကျပေါ့
ငါကြည့်နေတဲ့ လမ်းမ ယိုယွင်းမှုတွေအတိ
အဲဒီ လမ်းမပေါ်ကို စီးနင်းလိုက်ပါနေတဲ့
လူတွေ လမ်းတွေ လမ်းတွေပေါ်ကလူတွေ
ဂွမ်ဒေါင်းတွေ ဆိုက်ကားတွေ မော်တော်ကားတွေ
အသက်မဲ့နေတဲ့ ဆက်သွယ်မှုတွေနဲ့ အတူ
အသက်ရှိနေတဲ့ အမုန်းတရားတွေ
ဝိ၀ါဒတွေ အဘိဓမ္မာတွေ
အရောင်စိုးခံထားရတဲ့ ကော်ဖီခွက် အပါအ၀င်
လတ်တလော
နွေဦးရဲ့ အညီအဟောက် ကင်းစင်နေတဲ့
လိင်မှုရေးရာ အရှုပ်တော်ပုံ အကြောင်းကော
21 ရက်ကို ကျော်လွန်လာတဲ့
ဒီဇင်ဘာ သားသတ်ခန်း အကြောင်းကော
ဖတ်လိုက်ရတဲ့ သတင်းစာရဲ့
ဂြိုဟ်သားတွေနဲ့ ဆက်သွယ်မှု အကြောင်းကော
မြိှု့ပြရဲ့ အသံတိတ်ပျက်စီးမှုကို
မေ့လျော့စေနေတယ်။
ငါကြည့်နေတုန်းပဲ သမိုင်းတွေ သစ်လာတယ်
ကဗျာတွေ သစ်လာတယ်
ရေပေါ်က လှေတွေ သစ်လာတယ်
ငှက်တွေ သစ်လာတယ်
လူတွေ သစ်လာတယ်
နှင်းတွေကို သစ်ပင်တွေက ကိုက်လာတယ်
ဆင်ခြင်တုံတရားကို ယဉ်ကျေးမှုက ကိုက်လာတယ်
တယ်လီဖုန်းကို ဈေးကွက်စီးပွားရေးစနစ်က ကိုက်လာတယ်
ပြိုပျက်ကျလာတဲ့ မြို့ပြရဲ့
သတိမထားမိတဲ့ တစ်စိတ်တစ်ပိုင်းမှာ
ချဲထိုးနေတဲ့ အဒေါ်ကြီးရဲ့ ကဗျာတွေ
ဟောင်းနွမ်းလှတဲ့ အရေးအသားပေါ်
မျှော်လင့်ရင်း
ငါဟာလည်း မြို့ပြရဲ့ ပျက်စီးမှုကို
စီးကရက် တစ်လိပ်နဲ့
အသာငမ်းငမ်း အရသာခံနေပေါ့
ထားဝယ်က ရေနက်နေတဲ့ ဆိပ်ကမ်းပေါ်
ရေခပ်နေတဲ့ လုံမတွေ
အပြေးအလွှားပစ်ခတ်နေတဲ့
ဒီမိုကရေစီ ကျည်ဆန်တွေ
ငါမေ့လျော့နေတဲ့
သူမရဲ့ ပင်တီ နီနီလေး
မြို့ပြရဲ့ ခွဲစိတ်ခန်းထဲမှာ
မြို့ပြကို ခွဲစိတ်ခဲ့တဲ့ ည
အဲဒီ ပေါ့စိမ့်တွေ အဲဒီ ၀ီစကီတွေ
အဲဒီ လမ်းဘေးထမင်းကြော်တွေ
အဲဒီ ညဥ့်ငှက်မလေးတွေ
နောက်ပြီးတော့ သူမ
ပြီးတော့ငါ
ငါတို့ စီးနင်းခဲ့တဲ့
ကာဘွန်ဒိုင်အောက်ဆိုဒ်မှာ
ပြိုပျက်ခါစ မြို့ပြ
တစ်ယောက်နဲ့ တစ်ယောက် အပြစ်ဖို့တဲ့
လူသားတွေ အဖြစ်နဲ့ငါတို့

ငါတို့ ရောက်နေတာက
လူနည်းစု အခွင့်အရေးနဲ့
လူမျိုးရေးပေါ် အခြေခံတဲ့
လူမှု လိင်မှု ငွေငွေ့
ဘ၀တွေအတွက် ချနင်းခံ ဘ၀တွေရဲ့
နယ်ပယ်သစ်
လွတ်လပ်စွာ ကြီးပြင်းခဲ့ရတဲ့ အတိုင်းအတာမှာ
ခုတ်မောင်းခံခဲ့ရတဲ့
ကာလအပိုင်းအခြားအလိုက်
ငါတို့ဟာ လွတ်လပ်နေတဲ့
သဘာဝ ပါဝန်းကျင် ထိန်းသိမ်းရေး ကျွန်တစ်စု
ဘိုးဘေးတွေရဲ့ အမွေတွေ
ပြီးတော့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်
ကောက်ချက်ချ ကျွမ်းတဲ့
တစ်ဖက်ရပ် အင်တာနက်ခေတ်ကြီးမှာ
ဘ၀မဲ့ ယဉ်ကျေးမှုကို လွမ်းနေတဲ့
နည်းပညာ ကျောင်းသားလေး
သူ့ရဲ့ ပေါက်တီးပေါက်ရှာ တစ်ပတ်ရစ် ကွန်ပျူတာလေးနဲ့
တစ်ပတ်ရင် မိုဘိုင်းဖုန်းလေးနဲ့
တစ်ပတ်ရစ် ပိုက်ဆံအိတ်လေးဟာ
မြို့ပြကို တစ်ပတ်ရစ် အသုံးခံမှာလား
နည်းပညာနဲ့ အနုပညာဟာ မြို့ပြကို ပျိုမြစ်ခြင်းရှိစေလား?
ထိုင်နေရင်း ငါတို့ ရောက်နေတာက
အလုပ်အကိုင် ရှားပါးလာတဲ့ခေတ်
မိဘကို လုပ်ကျွေးဖို့
မိဘအိမ်မှာ မီးပွားရှာနေရ
အဲဒီအချိန်မှာဘဲ
ပင်လယ်ကွေ့မှာ ရေနံတွေ ဖိတ်ကုန်ကြတယ်
ရေနံတွေဟာ စစ်မက်ဖြစ်ပွားနေတယ်
ဒီတိုင်းပဲ
ကျောက်မျက်တွေရော မီးသဘောင်္တွေရော
ကျွန်းသစ်တွေရော လူ့အရင်းအမြစ်တွေရော
တိုးတက်လာတဲ့ ငါတို့ရဲ့ ခေတ်မှာ
စာနာစိတ်ဟာ အပြိုင်းအရိုင်း ဆုတ်ယုတ်လာ
ဒါဟာ
တရားတဲ့လား
စစ်တဲ့လား မေတ္တာတဲ့လား
ငါတို့ စိုက်နေတဲ့ သစ်ပင်ရဲ့
အကာအကွယ်မဲ့နေတဲ့
အိပ်မက်ကို ဖာထေး
နည်းပညာ အကူအညီနဲ့ ကဗျာရေးလိုက်
နည်းပညာ အကူအညီနဲ့ လူသတ်လိုက်
နည်းပညာ အကူအညီနဲ့ နည်းပညာထွင်လိုက်
နည်းပညာ အကူအညီနဲ့ ဆက်သွယ်ရေးနှုန်းမြှင့်တင်
နည်းပညာ အကူအညီနဲ့ တရားစွဲ
နည်းပညာ အကူအညီနဲ့ စီတန်းလှည့်လည်
နည်းပညာ အကူအညီနဲ့ လူထုခေါင်းဆောင်လုပ်ချင်
နည်းပညာ အကူအညီနဲ့ လူထုတရားခံ ဖြစ်
နည်းပညာ အကူအညီနဲ့ နေ
ပြီးတော့ သေ
ရှင်သန်မှု တလျှောက် တရားမျှတမှုအစား
နေပျော်မှုကို ရှာဖွေရ
လူသားပီပီ စာနာစိတ်ဟာ
ဝမ်းရေးကို တိုက်ခိုက်သတဲ့
ငါရှင်းလင်းနေတုန်း
မြို့ပြဟာ ပြိုပျက်လာပြန်
မြို့ပြရဲ့ ပန်းဦးကို ဘယ်သူခြွေသလဲ
မြို့ပြဟာ ကိုယ်ဝန်ဆောင်ပီး
မြို့ပြဟာပဲ သားဖျက်တော့တယ်
ဒီကမ္ဘာကြီးအပေါ် ချို့ယွင်းလာတဲ့ စေတနာ။


- မောင်မြတ်သူ -

တီးရှော့ပ်မှာ အမူအယာများပြုလုပ်ခြင်း

စစ်ဟာ တကယ်မဖြစ်ခဲ့ဘူး ကိုနေမြဲ
တကယ်လား ဟင်
သေရင် ကိုယ့်(အ)နောက်မပါဘူး ဆိုတဲ့အပေါ် ဂေးတွေဟာ ဆန့်ကျင်ကြတယ်
အဲ့ဒါတော့ တကယ်(လားဟင်)
အဲ့ဒီလို လေသံတွေမှာ ဘဝတွေဟာ ပလုံခနဲ ပလုံခနဲ
ဆူပွက်လာခဲ့တာ ၊ ပြီးတော့ ၊၊
သူတို့ မကြောက်လန့်ခဲ့ကြသလို ဝေါခနဲ ဝေါခနဲ
အော်ဟစ်ရယ်မောလိုက်ကြ ၊၊ နေကြာစေ့အခွံတွေဟာ ပြန့်ကျဲ ၊၊
ညတွေအပေါ် လေးငါးခြောက်နှစ် လေ့လာမိခဲ့ ။ ပြီးတော့ ၊၊
အညစ်အကြေးတွေ နံဘေး(မရှောင်နိုင်) မှာပဲ စားသောက်ခဲ့ရတဲ့
နေ့လည်စာတွေ (မလွှဲနိုင်) ၊၊
တခါတရံတော့ အဲ့ဒီ တခါတရံကို ကျွန်တော့်ခမျာ သတိရနေမိရှာတာပေါ့ ၊၊ အဲ့ဒါဟာ
ကျွန်တော် ကြောက်တဲ့ လေသံပေါ့ ၊၊
ညတစ်ဆယ့်တစ်နာရီခွဲဟာ ကျွန်တော့်ဘဝပဲ ကိုနေမြဲ
ပြက္ခဒိန်များ ၊ လက်နှင့် ကုတ်ခြစ်ခြင်းများ ၊
ခင်ဗျားကြိုက်ပြီး ခင်ဗျားမေ့နေတဲ့ ခင်ဗျားရဲ့ နာကျင်ခြင်းများ ၊ ည ၁၁း၃ဝ များ ၊၊
Stop Watch ကို စနှိပ်တော့ တက်လာတဲ့အပူချိန်တွေ
ဆူးလေတံတားအဆင်းက ကောင်မလေးနဲ့ သူ့သားနှစ်ယောက်ကို တာဝန်ယူချင်တဲ့စိတ်
တစ်မြို့လုံးမှာ စာသားတွေဟာ ပြေးခုန်တက်ဆင်း ဆော့ကစားနေလိမ့်မယ် မကြာခင်
ငြိမ်းချမ်းရေးဟာ စစ်အတွင်းမှာ အပေါင်ဆုံးသွားတဲ့ပစ္စည်း တဲ့
သူ ခြောက်ထပ်တိုက်ပေါ်ကနေ ခုန်ချသွားတဲ့ သတင်းထက်
သူ ခြောက်ထပ်တိုက်ပေါ် ခုန်တက်သွားတဲ့ သတင်းကို
ကျွန်တော်တို့ ဝိုင်းအံ့သြကြမှာပေါ့ ၊၊ သေခြင်းဟာ
ဘာ
ညာ
ဘာမဆိုအပေါ် သိပ်လွယ်ကူတယ် ၊၊ ဟုတ်ခဲ့တယ် ၊၊
သူလည်း နောက်ဆို သေခြင်းကို ကော်ပီတွေဘာတွေ လျှောက်ပွားတတ်သွားမှာပေါ့ ၊၊ ဟုတ်ခဲ့တယ်
ခင်ဗျားဟာ ဗိုင်းရပ်စ်တွေကို အကြောပိတ်ပြီး ရပ်တန့်အောင် မတတ်နိုင်တဲ့ သိုင်းသမားတစ်ယောက်ပါ ကိုနေမြဲ
ခင်ဗျားနဲ့ မိုင် ၁၂ဝဝဝ အကွာမှာ ၊၊
ကျွန်တော်နဲ့ ၄၇မိုင်အကွာမှာ ၊၊
နေကြာစေ့တွေ ၊၊ နောက်
နှုတ်ခမ်းနီ ခဲတံတွေ ၊၊
တလောကလုံးလည်း သင်္ခါရကို မချွေတာနိုင်ခဲ့ကြတာ ဟိုအရင်ကလို
ထို မွေးနေ့ကိတ်ကြီးအပေါ်တွင် ကျွန်ုပ် လိင်စိတ် မလျှော့ချနိုင်
ထို စစ် အား ကျွန်ုပ်တို့ မျက်ခြည် မဖြတ်နိုင်
သူ လူငယ် ဘဝတုန်းက သူ့ကို ပုစွန်တောင် မြို့ကြီးက လိုက်ရှာခဲ့ဖူးတယ် ပြောတယ်
သူ အရွယ်ရောက်တော့ သူ မေရီဂျိန်းကိုပဲ လိုက်ရှာနေတော့တယ် ပြောတယ်
အဲ့ဒါ တကယ်လား
အဲ့ဒါ မေးခွန်းတစ်ခုစ နှစ်ခုစနဲ့ပဲ ဘဝဆိုတာကို ငြမ်းဆင်သွားတာ
အဲ့ဒါ အရေးများက အရေပြားပေါ် တက်နားနေတာ
အဲ့ဒါ ခင်ဗျား ဒွါရတွေမှာ ကပ်ငြိနေတဲ့ ဘက်တီးရီးယားတွေ
အဲ့ဒါ စစ်မဖြစ်ခင် နဲ့ ဖြစ်ပြီး
ဒါပေမယ့် ဒီထဲမှာ စစ်ဟာ တကယ်မဖြစ်ခဲ့ဘူး
တကယ်ပေါ့
နှလုံးရောဂါနဲ့ လေယာဉ်လက်မှတ်တွေဟာ သမီးရှင်တို့အပေါ်ကို
တစ်စထက် တစ်စ ဝင်စီး၊၊နယ်ချဲ့၊၊ သိမ်းပိုက် ၊။ ချဲ့ထွင် ၊၊ နေခဲ့တယ် ၊၊
နေခဲ့ပါတယ် ၊၊ ငါ နေခဲ့ နေခဲ့သားပဲ ၊၊
လူငယ်သဘာဝ ၊၊ အသည်းကွဲ ၊၊ အူကျ ၊၊ အို! ၊၊
ငါ မှ ၊၊ ဘာ့ကြောင့် ၊၊ ငါ့မှ ၊၊ ဘာကြောင့် ၊၊ ဖြစ်ခဲ့တယ် တွေဘာတွေနဲ့ပေါ့ ၊၊
ဘုရားစူးဆိုတဲ့ စကားကို ဘာသာမဲ့တွေ ဖေးဘရိတ်ဖြစ်ကြတာ
တက်တူးစာသားတွေမှာ တွေ့ရမယ့် ငြိမ်းချမ်းရေးအကြောင်းတွေ
ကိတ်မုန့်တွေအပေါ်မှာ ရေးကြမယ့် ငြိမ်းချမ်းရေး စာသားတွေ
အို! ငါ့အား ဝမ်းနည်းစေသော ဘက်စ် မှတ်တိုင်များ
အခေါ်အဝေါ်များ ၊ စာသားအခေါ်အဝေါ်များ
ဘာပဲ ဖြစ်ဖြစ် ဆွေးရိပ်သန်းသွားစေဖို့ ရွှီးလိုက်တဲ့ ငါ့အမူအယာဟာ
အောင်မြင်ခဲ့တယ် ၊၊
ငါဟာ ဘဝနဲ့ ဗျောင်နောင်နောင် ပေပေ့ဂျိ ခဲ့ ၊၊့
ငါဟာ ဘဝနဲ့ ပဆာ့ဝင် ပဆီဆွတ် ဗျွတ်စ် ခဲ့ ၊၊
ငါ ဟာ ဘဝ နဲ့ . . . .
ဘာပဲဖြစ်ဖြစ် ငါတို့ဟာ
ဖန်ဆင်းရှင်အပေါ် ဆန္ဒမပြပဲ နေထိုင်နိုင်ခဲ့ကြ ၊၊
(ငါတို့ပဲလေ)
ကိုယ်ပူရှိန်ဟာ လန့်ပြီး အေးခဲသွားတယ် ၊၊
စိတ်ညစ်သွားတယ် ၊၊ အံ့သြသွားတယ် ၊၊ နောက် . . . ထပ်လန့်သွားတယ်
လန့်သွားတဲ့အရှိန်နဲ့ ကိုယ်ပြန်ပူလာတယ် ၊၊ ဖျားသွားတယ် ၊၊
ခင်ဗျား ရိပ်မိလိုက်လား ၊၊
သံသရာ ဟာ ဝန်ထမ်းကောင်းပီသတာကို ၊၊
စစ်ဟာ ဒီလိုပြောတယ်
ခုမှ . . . မိုင်ပေါင်းကုဋေအကွာကနေ
ငြိမ်းချမ်းရေးကို လာလိုလား မနေနဲ့ ၊၊
လို့
စစ်ဟာ ဒီလို ပြောခဲ့တယ်
ရှင်တို့အပေါ် ကျွန်မ အဲ့ဒီအတိုင်းမုန်းခဲ့တယ် ၊၊
အဲ့ဒါ တကယ်လား
နောက်ပိုင်းတော့ ကြည့်လို့ကောင်းလာမှာပါ
ကမ္ဘာကြီးနဲ့ အဲ့ဒီကောင်မတွေ
အဲ့ဒီကောင်တွေ
အဲ့ဒီ သူတော်ကောင်းတွေ ၊
စစ်ဟာ တကယ်မဖြစ်ခဲ့ဘူး ကိုနေမြဲ
ကျွန်တော့်ကို ခဏနေ ဒီက ပြန်ခိုင်းပါ
အတင်းတိုက်တွန်းရတဲ့ အမူအယာနဲ့ ဖြစ်ဖြစ်ပေါ့ ၊၊

- ဇာတိ ( အန္တိမ ) -
ညွှန်း ၊၊ ဇေယျာလင်း ၊ လင်းရမ္မာ ၊ ကြက်သွန်

ရုပ်တု

ဒါဟာ
လယ်ထွန်တဲ့ကောင်ကလေး
ကျပျောက်ရစ်ခဲ့တဲ့အိမ်ပြန်ချိန်ရင်လည်းဖြစ်မယ် ။

ဒါမှမဟုတ် ဒါဟာ
ဈေးဝယ်ထွက်တဲ့ကောင်မလေး
မေ့ကျန်သွားတဲ့ ခဲနှုတ်ခမ်းနီရင်လည်းဖြစ်မယ် ။

ရေတံခွန်မှာရေလာချိုးတဲ့
ကျောက်စရစ်ခဲလေးရဲ့ ဓာတ်ပုံ
မဟုတ်ရင် ဒါဟာ
အိမ်နီးချင်းတွေဆီ ခေါက်ပြန်ကူးနေတဲ့
ကြောင်သစ်လေးတစ်ကောင်ရဲ့ လည်ပြန်အကြည့်ဖြစ်ရမယ် ။

ဟိုက်ဝေးလမ်းမရဲ့ မာနမျိုး
ငွေကြယ်ပွင့်တချို့ ရဲ့  ကိုယ်ကျင့်သိက္ခာမျိုးနဲ့ 
မေတ္တာတွေရောင်နီသန်းနေခဲ့တာကြာပြီလေ ။

ညနေခင်းလို့ ခေါ်သတဲ့
မှတ်ပုံတင်မရှိတဲ့လူငယ်တစ်ယောက်
ကျွန်တော်ကောက်ရထားခဲ့တယ် ။              ။

- ၀ိုင်ချို -

တကယ်ဆိုဖြစ်တဲ့သီချင်း

ကိုယ်အိပ်လို့မရတဲ့ည
မင်းလည်း   အိပ်မရတဲ့ည
နှစ်ယောက်လုံး   အိပ်မရညကြီးရဲ့    အလည်တည့်တည့်။

စတီးလ်လက်ဆေးကန်ထဲ
ရေတပေါက်ပေါက်ယိုကျ၊
“တိတ်စမ်း
 ပါးစပ်ပိတ်ထားစမ်း၊
 ငါ   လည်ပင်းကို    လိမ်ချိုးမိတော့မယ်”
“ဘာဖြစ်လဲ၊  အောက်တန်းကျတယ်
 အောက်တန်းကျတယ်ကွာ
 ကဲ     ဘာဖြစ်ချင်သလဲ”
ပြတင်းပေါက်က     ပါးစပ်အဟောင်းသားငေးလို့၊
မျက်တောင်တခတ်ခတ်    မီးချောင်းထဲ
လျှပ်စစ်ဓာတ်တွေ      ဆူပွက်လို့။
လ က ငြိမ်
တိမ်တွေကတော့  ပြေးလို့။
“အေး   နောက်မှ     မိုက်ရိုင်းတယ်လာမပြောနဲ့”

အဝေးဆီက    ကားဖြတ်သွားသံသဲ့သဲ့
အသက်ရှုသံမှန်မှန်ထဲ    မှိန်ဖျော့လို့။
ညလေအေးအေး     အေးလို့။
“တစ်နေ့    ပစ်ထားခဲ့မယ်၊
 ပစ်ကို  ထားခဲ့ဦးမယ်   မှတ်ထား”
တစ်ညလုံး 
စကားတွေအတင်း   ထ   ထခုန်နေခဲ့။
ဒါပေမယ့်    ကိုယ့်ထွက်သက်လေ   နွေးနွေးသာ
မင့်မျက်ခွံမို့မို့ပေါ်ကျလို့။


- မောင်ပြည့်မင်း -

ကိုက်လမ်း

ငါဟာ
ကမ္ဘာကြီးကို နားစွင့်ထားသူ ယုန်ကလေးပါ
နေ့စဉ် နေ့စဉ်
ငါ့ဝပ်ကျင်းကလေးကနေ ငါ အစာရှာထွက်တိုင်း
သစ်ပင်မြက်ပင်ငယ်လေးတွေကို ကိုက်ကိုက်ပြီး
ငါထွက်လာခဲ့မြဲ။

ခု ... ...
လူနဲ့ ခွေးများ တောခြောက်ကြ
အပြေးအမြန် ငါ့ကိုက်လမ်းလေးအတိုင်း ပြန်လာခဲ့ရာ
ပိုက်ထဲ
ငါ့သစ္စာတရားဟာ ငါ့အသက်ကို ယူသွားကြပေါ့။ ။


- မောင်ချောနွယ် -

Te Iubesc Atat De Mult

ဖြည်းဖြည်းချင်းအသံထွက်ဖတ်ပါကလေးရယ်။
မင်းမြန်မာစာဆရာတော့မကြားစေနဲ့
ငါတို့ရင်ခုန်သံတွေရှက်ရွံ့သိမ်ငယ်လိမ့်မယ်။

ဟိုနေ့ကတစ်မက် မနေ့ကတစ်မက်
ပြော
ခေတ်အဆက်ဆက် ငါ့လောက်ဘယ်သူအိပ်မက်ကောင်းဖူးသလဲ

ငါတို့တစ်ယောက်နဲ့တစ်ယောက် ပန်းစည်းပေးဖို့မလို
ငါတို့တစ်ယောက်နဲ့တစ်ယောက် ဖုန်းဆက်နှိုးဖို့မလို
ငါတို့တစ်ယောက်နဲ့တစ်ယောက် ခွဲခွာကြဖို့မလို
ငါတို့တစ်ယောက်နဲ့တစ်ယောက် အတူရှိဖို့မလို
မီးရထားဥသြသံကြားတိုင်း ငိုစရာမလို
လေယာဉ်ပျံကြီးပျံတက်သွားတိုင်း ဆို့နင့်စရာမလို
မှန်လုံကားကြီးထွက်ခွာသွားတိုင်း မျက်ရည်ဝဲစရာမလို
မီးအစိမ်းလေးပျောက်နေရင်တော့ နင့်ခနဲစူးချင်စူးမှာပေါ့

ငါတို့နှစ်ယောက်ကြားက ဖွင့်ဆိုချက်က ၅၇၃၁ မိုင် ၊
ကမ္ဘာကြီးအချင်းဝက်ထက်ပိုတာ ထိုင်ဆဲရမှာလား
မင်းမှောင်ငါလင်း၊ မင်းလင်းငါမှောင် ။
မင်းအိပ်နေချိန်ငါနိုးနေမယ်၊ မင်းနိုးနေချိန် ငါနိုးနေမယ်။
မင်းသုံးနေချိန်ငါသုံးနေမယ်၊ မင်းမသုံးနေချိန် ငါသုံးနေမယ်။
မီးကျိုးမောင်းပျက်ဘာသာစကားတွေနဲ့ ငါတို့
ကွဲကွဲလွဲလွဲကျင့်ဝတ်တွေနဲ့ ငါတို့
သဒ္ဒါမှားယွင်းဝါကျတွေနဲ့ ငါတို့
delay ဖြစ်နေတဲ့ ကင်မရာတွေနဲ့ ငါတို့

ငါ့အိမ်က ပုဂံနဲ့နီးလားဆိုတော့ ငါ့မှာ ဖြေရခက်
မင်း ပုဂံကို သတိတရရှိနေတဲ့စကားမှာ
ငါဟာ ဓာတ်ငွေ့မိုးပျံပူဖေါင်းဖြစ်လို့ဖြစ်
ဘူးဘုရားဆိပ်က စက်လှေဖြစ်လို့ဖြစ်
စောင်းတန်းက ယွန်းအုပ်လေးဖြစ်လို့ဖြစ်
တမာတွေကြားက သရပါတံခါးကြီးဖြစ်လို့ဖြစ်
မင်း ပုဂံကို သတိတရမေးတဲ့စကားမှာ
ငါ့အိမ်က ပုဂံနဲ့ဝေးတယ် ဖြစ်သွားတယ်။
နောက်ထပ်လာရင်ပြောကွယ်
ငါက မြစ်ယောင်ဆောင်ပြီး စောင့်နေမယ်။
မင်းက ငါးကလေးလုပ်ပေါ့
လူးခနဲလွန့်ခနဲ ငါ့ရင်ဘတ်ထဲ ကူးခပ်လိုက်စမ်းကွဲ့။

ထပ်ပြောဦးမယ်။
" te iubesc atat de mult "
ဒါဆို ရိုမေးနီးယန်းလက်ခေါက်လေး ဗမာခေါင်းပေါ်ကျလာမလား။
ဒေါက် တဲ့။
ရေအောက်ဆက်ကြောင်းကြီးထဲ ပန်းအလင်းရောင်တွေ ဖြတ်ပြေးသွားရဲ့ ။
ဒီကဗျာဟာ
ငါဖြတ်ထားတဲ့ရုပ်ရှင်လက်မှတ်
ငါအဆုံးထိမရတဲ့သီချင်း
ငါနဲ့တော်တဲ့ တီရှပ်
ငါနဲ့မတည့်တဲ့ အိပ်ယာ
ဘားမိစ်အီဒီယမ်တွေသိပ်ခက်တာပဲဆို။
ကြွေလွင့်စိုက်ဆင်း ဆိုတဲ့စကားလေးတော့
ငါ့ဘ၀နဲ့ရင်းလို့ သင်ပေးခဲ့မယ်။

ဒီနည်းနဲ့ဒီလမ်းကိုလျှောက်ရတာ
ခေါင်းအုံးကလေးရေ....
ငါ့တိုးတိုးလေးတွေ သိမ်းထုပ်ထားပေး
ဒီထက်ဝေးသူတွေတောင်ဒီလောက်မဝေးနိုင်တော့
နှင်းဆီရိုးတံပေါ်မှာ ဆူးတွေ..
သိလား...ဆူးတွေ....
Right click ထောက်လိုက်တော့
နေကြာစေ့နှစ်စေ့
နားမလည်မှု
ဆေးလိပ်ပြာ
အမှန်တရား
အုံ့ပုန်းငို
viber
မြန်မာသဒ္ဒါ
ဆံပင်ရှည်ရှည်

မင်းကငါ့နာမည်ကို အသံထွက်မမှန်
ငါက မင်းနာမည်ကို အသံထွက်မမှန်
ဘာဖြစ်သေးလဲ။
ငါတို့သုံးယောက် လောကပင်လယ်ထဲရွက်လွှင့်ရအောင်
ငါရယ်၊မင်းရယ်၊သစ္စာတရားရယ်ပေါ့။

- ဟိန်း -

*** Te Iubesc Atat De Mult (ရိုမေးနီးယားဘာသာစကား) = I love you so much

ရန်ကုန် ( ၁ )

မီးပွိုင့်မှာ
ခုံးကျော်တံတား ဆောက်နေကြတယ်

မီးပွိုင့်မိနေလို့
စက်နှိုးလျက်ရပ်ထားတဲ့ကားတွေ ကြားကနေ
အဖြူအစိမ်းဝတ် အလယ်တန်းအရွယ် ကျောင်းသားလေးတွေ
လမ်းဖြတ်ကူးနေကြတယ်

သူတို့အရွယ်လောက်တုန်းက
ကျွန်တော်တို့ပြောဖူးကြတဲ့စကား
နားထဲ ဘာ့ကြောင့်မှန်းမသိ ကြားယောင်မိတယ်

ပြင်သစ်တော်လှန်ရေးကျက်ရမှာလား ဆရာမ
ပြင်သစ်တော်လှန်ရေးကျက်ရမှာလား ဆရာမ

မီး စိမ်းသွားတယ်

မီးပွိုင့်နားက လက်ဖက်ရည်ဆိုင်ကနေ
ကျွန်တော်တို့ထိုင်ကြည့်နေကြတယ် ။


- ဟံလင်း -

အလောင်းမြင်ဝါဒီ

ကျုံးထဲ အလောင်းပေါ်တယ်ဆိုလို့
သွားကြည့်ကြ ၊
လှိုင်းတွန့်ရေပြင်ထဲ
ကိုယ့်အရိပ်တွေသာ ကိုယ်ပြန်တွေ့ခဲ့ရ ။

- သူဝေး -

ဆောင်းနတ်မယ်

တယ်လီဖုန်းလေးသည်
အနွေးထည်လေး တစ်ထည်ပမာ
မြူနှင်းတွေ ဘယ်လောက်ကြမ်းကြမ်း
လူတွေ သတ္တ၀ါတွေ အချစ်စိတ်တွေ ဘယ်လောက်ချမ်းချမ်း
ဒီတဆောင်းကို
သူမ၏အသံဖြင့် ကျွန်တော် ခုခံမည် ။

ကောင်းကင်က ကြယ်တွေ
နာလိုခံခက်ဖြစ်အောင်
ချစ်သူ့စကားသံဖြင့်
နှလုံးသားတို့ အစွမ်းကုန်လင်းလက်ကြလေသည်
မမျှော်လင့်သော တညသ၌၀ယ်
ကျွန်တော့ရင်ထဲ၌ ပင်လယ်ကြီးတစ်ခုကို တွေ့ရ၏
တယ်လီဖုန်းခေါ်သံနှင့် သူမအကြား
မြင့်မိုရ်တောင်ကြီး ခြားနေသည်
ညကြီးမင်းကြီး
လမ်းမီးတိုင် ၀ါဝါတွေအောက်၌
နှင်းတွေနှိပ်စက်သမျှ
တယ်လီဖုန်းလေး ခိုက်ခိုက်တုန်အောင် ချမ်းရ၏
ထို့အတူ
ခုနှစ်ဆောင်ဘုံမြင့်၌ နှင်းဆီပွင့်လေးရော
အိပ်ပျော်ပါရဲ့လား ။

- မောင်သိန်းဇော် -

** မန္တလေးသိန်းဇော်၏ ဆောင်းနတ်မယ်သီချင်းအစမှ ကဗျာလေးဖြစ်သည် **

သူမ


                                     - နီလေး -

ချမ်းမြေ့အေးအတွက် ရိုးရိုးလေး

လွတ်လပ်ရေးနေ့  အကြိုမှာ မွေးတယ်
ချစ်သူများနေ့ အကြိုမှာ သူမ နဲ့ တွေ့ တယ်
၂၀၀၈ အာဇာနည်နေ့ မှာ ရည်းစားစကား ပြောဖြစ်တယ်

မင်းလက်တစ်ကမ်းစာမှာ အဆင်ပြေနေမလား
ပူလို့  ချွတ်ပစ်မိတဲ့ ဆောင်းဝတ်စုံထဲ
ငါ ခြေပစ်လက်ပစ် ၀င်စားတော် မူနေတယ် ချမ်းမြေ့အေး

ရယ်မောခြင်းဟာ ခဏပါ
ငိုကြွေးခြင်းဟာ ခဏပါ
ငါ အိပ်မပျော်သလို လူးလှိမ့်နေမယ့်မင်း
ဟိုမှာ လေယဉ်ပျံတစ်စင်း ထွက်သွားတာ ကြာပေါ့
တို့ အချစ် လေတိုးသံ မကြားရတာ ကြာပေါ့။

ချမ်းမြေ့အေး
မင်းဟာ ငါ့ငယ်ဘ၀က ပျောက်သွားတဲ့ ဗီဒီယိုရုံ
မင်းလည်း ထမင်းအိုးမတူးဖူးသလို
ငါလည်း အသက်မအောင့်ခဲ့ဖူးဘူး။
ဒီတစ်ခါလွဲရင်
ဒီကမ္ဘာနဲ့ ကွဲမှာ၊
ကျည်တစ်တောင့်ဆိုလည်း
ငါဟာ ချောကလက် တစ်လက်ပဲ ဖြစ်မှာ။

ငါ မဖြေရဲ ခဲ့တဲ့ နောက်ဆုံးစာမေးပွဲဟာ မင်းပဲ
နေရင်းထိုင်ရင်း လက်သည်းခွံလန် တတ်တာလည်း
သူ့ အကြောင်းနဲ့ သူပဲ။

ထမင်းစားတိုင်း လွမ်းတယ်
မြင်တယ်
အသက်တွေ ကြီးလာပြီ ထင်တယ်
ရေဆာလွယ်လာတယ် မဟုတ်လား
လျှာပေါ်မှာ သာနေတဲ့ လ တွေအစား
ဒိန်ချဉ်ခွက်တွေ မှောက်ချ လိုက်ကြရအောင်။

ဒီတစ်ခါကျမယ့် နှင်းမှာ ဆန်ဆီဆား လုံလောက်ပါ့မလား
မြက်ပင်ရှည်ရှည်တွေမြင်တိုင်း
မင်းနဲ့ အတူတူ
တစ်ခါလောက်ပြန်ရှ ဖူးချင်တယ်။

- ညီဇံလှ -

ဆုတောင်းကြမ်းသူ

- နေကျယ်ဝန်း -

ကျွန်တော်မသိပဲ မိုးတွေရွာသွားတယ် မကြည်ဖြူ

အသံနဲ့လဲ ရောက်ရပါစေ ....
အလင်းနဲ့လဲ ရောက်ရပါစေ ....
                 မကြည်ဖြူ .... ၊၊           ၊၊

အဖြူရောင်နဲ့ သီးတဲ့ စတော်ဘယ်ရီသီးလေးထဲမှာ
မကြည်ဖြူကို ကျွန်တော်တွေ့တယ် ၊
အဖြူရောင်နဲ့ တီးတဲ့ စန္ဒရားခလုတ်တွေထဲမှာ
မကြည်ဖြူ အသံကို ကျွန်တော်ကြားတယ် ၊
ပြီးတော့ ....
ကမ္ဘာပေါ်မှာ တခြားကမ္ဘာတစ်ခုကို
ကျွန်တော် ရှာဖွေတွေ့ရှိတယ် ၊၊

ကျွန်တော် ဘယ်သူနဲ့မှ မတိုင်ပင်ပဲ
ရူးသွားမိတယ် ထင်တယ်
မကြည်ဖြူ ကို မွေးတဲ့နေ့လေးဟာ
ကမ္ဘာကြီး စတင်ဖြစ်ပေါ်ရာနေ့လို့
စာအုပ်တွေထဲမှာ
အကျယ်ကြီး ချရေးဖြစ်ခဲ့တယ် ၊၊         

အရောင်တွေကို
အသံနဲ့ကြားရပြီး ၊ အသံတွေကို
အရောင်နဲ့ မြင်ခဲ့ရ ...
မကြည်ဖြူ သည်
ကျွန်တော် စိတ်ဖြင့် စိုက်သော သစ်ပင်အဖြူလေးဖြစ် ....
မကြည်ဖြူ သည်
ကျွန်တော် စိတ်ဖြင့်ကူးသော ဝတ်မှုန်နှင့်လှိုင်း ဖွေးဖွေးလေးဖြစ် ....
မကြည်ဖြူ သည်
အဖြူသက်သက်သာရှိသော ကမ္ဘာငယ်လေးဖြစ် ....
မကြည်ဖြူ သည်
ကျွန်တော် ညွှန်ပြလိုသော အဖြူရောင် အရပ်မျက်နှာလေး ...
ဖြစ်သည် ၊၊

“ မကြည်ဖြူ ကို သိပ်ချစ်တာပဲ ” လို့
ကိုယ့်ကိုကိုယ် ရေရွတ်မိသောနေ့က
ကိုယ့်ကိုကိုယ်
                  စိတ်ဆိုးမိခဲ့သည် ၊
ဘာ သား နဲ့ လုပ် ထား တဲ့
လူ ကောင် လေး မို့ လို့ လဲ
အ ချစ် ရေ . . . . .
မ နာ လို ပါ ဘူး ကွယ် ၊၊ 

မကြည်ဖြူ က
ကျွန်တော့် နာမည်လေး သိသွားတဲ့နေ့မှာ
“ အလင်း နဲ့ အမှောင်ဟာလည်း
ချစ်သူတွေ ဖြစ်သွားနိုင်တဲ့အကြောင်း ”
ကျွန်တော် နဲ့ အရာအားလုံး နဲ့ ငြင်းတယ် ၊၊

ကျွန်တော်ဟာ
မကြည်ဖြူ သိအောင် စိတ်ထင်သာပြရဲသော
မကြည်ဖြူ သိအောင် ကိုယ်ထင်မပြရဲသော
ကဗျာစောင့်နတ်သား ပါ
                             မကြည်ဖြူ ရယ် ၊၊

မကြည်ဖြူ ကို
နိုဝင်ဘာ နဲ့ တိမ်ဖြူဖြူတွေပေါင်းပြီး
စိတ်နဲ့တောင် ဝေးတဲ့နေရာကို
ခေါ်သွားကြတော့မယ် .. တဲ့
ကျွန်တော် နဲ့ အရာအားလုံးပေါင်းပြီး
ဆွံ့ - အ - ကြောင် - ကန်း
ကျွန်တော်တို့
တစ်နေရာတည်းမှာ အကျယ်ကြီး ဝေးတယ်
မ ကြည် ဖြူ ၊       ၊၊

မကြည်ဖြူ ရှိနေတော့မယ့်
ကမ္ဘာ ဟိုဘက်အခြမ်းလေးဟာ
ပို လှ သွား တော့ မယ် ထင် တယ်
|||
““ လေယာဉ်ပျံကြီးနဲ့မှ
မဟုတ်ပါဘူး ....
ပျံလွှားငှက်ကလေးနဲ့လည်း
လိုက် ခဲ့ မယ် .. ၊၊       ၊၊ ””
|||
ခုတော့ ...
လက်ထဲက စက္ကူလေယာဉ်ပျံလေး
လွှတ်လိုက်ရတာတောင်
နာ နာ ကျင် ကျင် နဲ့
ကျွန် တော် ....
နိုဝင်ဘာလ နဲ့ လေယာဉ်ကွင်းဆီကို
မ သွား ရဲ ဘူး .. ၊၊         ၊၊

ဘာ ပဲ ဖြစ် ဖြစ်
မကြည်ဖြူ ရယ် ...
မကြည်ဖြူ ဟာ
ကျွန်တော် နဲ့ တစ်ထပ်တည်း ကျမယ့်နေ့
ကျွန်တော်က မကြည်ဖြူကို
နံရိုးတစ်ချောင်းပေးပြီး
မကြည်ဖြူ က ကျွန်တော့်ကို
နှင်းဆီဖြူဖြူလေး ပြန်ပေးမယ့်တစ်နေ့ ...
....... အဲ့ဒီ နှင်းဆီဖြူဖြူလေးအား
ကျွန်တော် ၏ ရင်ဘတ်တွင် စိုက်ပျိုးပြီး
မ ကြည် ဖြူ အား ဖြူမွှေးစေချင်ပါသည် .......
ပြီး ...
မကြည်ဖြူ ၏
လက်ဖဝါးတွင် ကဗျာတစ်ပုဒ်ရေးပေးချင်သည်
“ စာသံပေသံတော့ မပါဘူးကွယ်
ငါ့ ရဲ့ စ က္ကူ ဖြူ ဖြူ လေး ရေ
မြတ် နိုး ခြင်း အ ထပ် ထပ် နဲ့
ထာ ဝ ရ အ ဆက် ဆက် ချစ် တယ် ”

ဤ မှန်သော
သစ္စာ ကဗျာ ကြောင့်
ချစ် ရ ပါ သော မကြည်ဖြူ ရေ ....

အသံနဲ့လဲ ကြားပါစေ
အလင်းနဲ့လဲ မြင်ပါစေ
မကြည်ဖြူ ရယ် ..၊၊          ၊၊

- ဇာတိ -

||| --- ||| ထိုအမှတ်အသားအတွင်းမှစာသားအား မောင်သိန်းဇော်၏ ဂျွန်ကပြောတယ် အားလုံးမြစ်ဆီသို့ ကဗျာမှ ကိုးကားသုံးစွဲထားပါသည် ။

ရန်ကုန်ည

ဥသြမဆွဲ အချက်ပြမီးဝှေ့ယမ်း အရေးပေါ်လူနာတင်ယာဉ်တစ်စီးဖြတ်မောင်းသွား
ဗင့်ဆင့်တမ်းချင်းသီချင်းက စိတ်အာရုံထဲ စီးဆင်းနစ်ဝင်
ဒီလိုညတွေလမ်းမပေါ် မထွန်းညှိဖြစ်တာကြာပြီ
နေ့ဘက်မှာ လိမ်ယှက်နေတဲ့အရိပ်တွေဟာ ညမှာချောက်ချားစရာကောင်းအောင်ပျောက်ဆုံးနေ
ကိုစိုးကိုအောင်သေဆုံးသတင်းဟာ အခုညမှရောက်ရှိလာတဲ့သံကြိုးစာလို
သတိရ၀မ်းနည်းမိတယ် ရန်ကုန်ရှင်သန်ခြင်းနယ်မြေမှ ပျောက်ဆုံးထွက်ခွာသွားသူတစ်ယောက်
ဘိုဟီးမီးယန်းမြို့တော်မှ ကြေကွဲစွာနှုတ်ဆက်လိုက်ပါတယ်ည
ဒုက္ခဟာ ပါရမီတစ်ခုတဲ့လားကြွေကျခဲ့ပါတယ်
နှစ်ပေါင်းများစွာ အသက်ရှူရခက်နေတဲ့မြို့ အဆုပ်ပွနေတဲ့ည
စိတ်ရဲ့အတွင်းပိုင်းဆီကနေ ညဆီတိုးဝင်ခဲ့မိတယ်
တဝေါဝေါဖြတ်မောင်းသွားတဲ့ ဘက်စ်ကားတွေဆီကနေ ညဟာတဖြည်းဖြည်းပြန်ဆုတ်ခွာသွား
ကျွန်တော်သတိရနေပါတယ် ကဗျာဆရာပိုင်
ညတွေက ကဗျာဆရာတွေကို အမြဲလွမ်းဆွတ်သတိရနေမှာပါ
ညလုံးပေါက်ကဖေးဆိုင်လေးက ရန်ကုန်ညမှ စတင်ထွက်ခွာနေပါပြီ
ကျေးဇူးတင်ပါတယ်အစ်ကို ဆိုင်သိမ်းပြီ ။

- လင်းသဏ်ညီ -

ကျွန်တော်တို့ပုခုံးပေါ်က အိမ် ( ၂ )

စစ်ဆိုတာဘာလဲသူငယ်ချင်းလို့
လက်တစ်ဆစ်စာ ကျည်ဖူးလေးက
ပုခုံးပုတ်ပြီးမေးလာတယ်...
ဒီအဖြေကိုသိနိုင်တဲ့လူဆိုလို့ နှစ်ယောက်ပဲရှိတယ်
ဟုတ်တယ်.. မင်းရယ်.. ငါရယ်။

တစ်သွေး တစ်သံ တစ်မိန့်လို
ငါ့မှာလည်း အသက်ကတစ်ချောင်းထဲ သူငယ်ချင်း
မင်းသေရမှာမကြောက်ဘူးလားလို့ မင်းမေးတုန်းက
ငါရယ်နေတယ်
မင်းသေရမှာမကြောက်ဘူးလားလို့ ငါမေးရင်လည်း
မင်းရယ်နေပါ...
ကမ္ဘာပေါ်မှာစစ်ကိုလိုလားတဲ့ စစ်သားဆိုတာမရှိဘူးဆိုရင်
အပြင်လူတွေယုံချင်မှယုံမယ်
အပြင်လူတွေဆိုတော့ အထဲမှာဘယ်သူတွေရှိလဲလို့ မင်းမေးချင်လာမယ်
အဲဒါ မင်းရယ်.. ငါရယ်။

မင်းသိထားတဲ့ဘဝနဲ့ ငါသိထားတဲ့ဘဝဆိုတာ
ထမင်းသိုးဟင်းသိုးကနေ မိုးခါးရေအထိ
သဲဝဲစားရောဂါကနေ ခြေပြတ်လက်ပြတ်အထိ
အောက်ဆီဂျင်ကနေ မိုင်းကွင်းအထိ
ဒီလိုပဲ..
ငါတို့ဘဝဆိုတာ ကိုယ့်ကိုကိုယ်ပြန်လှူထားရတဲ့ မိုးပျံပူဖောင်းလေးတွေလည်းဖြစ်တယ်
(ငါတို့ဆိုပေမဲ့လည်း အများကြီးမဟုတ်ပါဘူး)
ဘယ်သူတွေလဲဆိုတော့..
မင်းရယ်.. ငါရယ်။

ပလက်ဖောင်းပေါ်က ဂစ်တာသံတွေ
စတိတ်ခ်ျရှိုးလက်မှတ်တွေထက်
တရွှတ်ရွှတ်ဖြတ်ပြေးနေတဲ့ကျည်ဆံတွေ
တအုံးအုံးထကွဲနေတဲ့ မိုင်းတွေကို
ငါတို့ခေါင်းအုံးလုပ်အိပ်ကြတယ်
ဒီလိုပြောလို့ ရယ်ချင်ရယ်နေကြလိမ့်မယ်
ရယ်မယ့်လူဆိုလို့လည်း များများစားစားမရှိလှဘူး
အဲဒါ မင်းရယ်.. ငါရယ်။

ငါတို့ဆီမှာ
ဒုက္ခိတတွေ ရှိတယ်
မသန်မစွမ်းတွေရှိတယ်
ခြေပြတ်လက်ပြတ်တွေရှိတယ်
အားငယ်တတ်တဲ့ ဘယ်ဘက်အိပ်ကပ်ကလေးတွေရှိတယ်
သပြေခက်ရှိတယ်

ငါတို့ဆီမှာ
ရေခြားမြေခြားရှိတယ်
ရဲရဲတက် ရဲရဲတိုက် ရဲရဲချေမှုန်း ရှိတယ်
ဝင်သက်ထွက်သက်ကလေးရှိတယ်
ဒုက္ခရှိတယ်
တမလွန်ရှိတယ်

ငါတို့ဆီမှာ
မိုင်ရှည်ခရီးရှိတယ်
ငိုသံတွေရှိတယ်
အိပ်မပျော်တဲ့ညတွေရှိတယ်
သေသွားတဲ့ရဲဘော်တွေရှိတယ်
သေသွားတဲ့ရဲဘော်တွေကို အလေးပြုနေတဲ့လက်တွေရှိတယ်
အလေးပြုနေတဲ့လက်တွေဆိုလို့ ဘယ်သူတွေများလဲလို့ မင်းသိချင်လာမယ်
အဲဒါ မင်းရယ်.. ငါရယ်။

သေခြင်းတရားက
trailer ပြလေ့မရှိဘူး
သေခြင်းတရားဆိုတာ
မင်းနဲ့ငါတစ်ယောက်တစ်ဝက်သောက်ခဲ့တဲ့
စီးကရက်တစ်လိပ်စာလောက်ပဲ သူငယ်ချင်း
စစ်သားဆိုတာ သေခြင်းတရားနဲ့ပတ်သက်ပြီးလည်း
လူပြောများတတ်သေးတယ်
ပြောမယ့်လူဆိုလို့လည်း နှစ်ယောက်ပဲရှိတယ်
အဲဒါ.. မင်းရယ်.. ငါရယ်။


- နေပိုင် -
၁၂.၀၃.၂၀၁၂
(တပ်မတော်နေ့အထိမ်းအမှတ်)
(P.S ကဗျာဆရာ ကိုကြည်သက်ဟန်၏ ကဗျာဟန်အား ပြန်လည်ခံစားထားပါသည်)

ကြယ်မလေးအတွက် အလင်းဖတ်စာ

ဖြစ်ရိုးဖြစ်စဉ်မဟုတ်ဘဲ
ကြယ်ကလေးတစ်စင်းကို ချစ်မိတဲ့အခါ
ကျွန်တော်ဟာ . . . . သူ့အနားက
အိမ်နီးချင်းကြယ်တစ်စင်းဖြစ်သွား
ကျွန်တော့်စိတ် . . . .
မှိတ်တုပ်မှိတ်တုပ်ဖြစ်ရတယ် ကြယ်လေးတွေလို ။

ကျွန်တော့်ရင်ခုန်သံဟာ ကြယ်မလေးဆီ ရိုးမြေကျ
ကျွန်တော် မရိုးမရွဖြစ်ရတယ်
ကြယ်မလေးကိုချစ်မိသွားကတည်းက
ကျွန်တော်ဆံပင်နီမဆိုးချင်တော့ဘူး
ဘာမှလည်းမဆိုင်ပါပဲနဲ့
ကျွန်တော် တီရှပ်မ၀တ်ချင်တော့ဘူး
ဘာမှလည်းမဆိုင်ပါပဲနဲ့
ကြယ်မလေးရယ် . . . . ကျွန်တော်က တကယ်ကိုချစ်မိသွားတာ
ဘာမှလည်းမဆိုင်ပါပဲနဲ့ကွယ် . . . . နော်။

ကြယ်မလေး . . . .
ဘယ်ကိုများငေးနေလဲ
ကျွန်တော့်ကိုပဲကြည့် ၊ ကျွန်တော့်အကြောင်းပဲ . . . .
သိ ပါ ကွယ် ။

လွမ်းတိုင်း . . . ကောင်းကင်ပေါ်မော့ မော့ကြည့်ရုံနဲ့
မကျေနပ်နိုင်တော့တဲ့အခါ . . . .
ကျွန်တော်ဟာ ကြယ်ပွင့်လေးတွေကို
ကျွန်တော်ပိုင် လယ်ယာစိုက်ခင်းအဖြစ်စိုက်ပျိုးချင်လာတယ်
`သူမ´က ကြယ်စိုက်ခင်းလေးပေါ့
ကျွန်တော်က ကြယ်ယာစိုက်ပျိုးရေးသမားပေါ့
ကြယ်ပျိုးသူပေါ့ . . . . အဲဒီလိုလေး . . . .
ဖြစ် ချင် တယ် ။

သူ့မျက်လုံးလေးတွေကိုရှေ့ထားပြီး
ကျွန်တော်ကြည့်ချင်တယ်
သူ့အသံစူးစူးလေးကို ရှေ့ထားပြီး
ကျွန်တော်သီချင်းဆိုပြချင်တယ်
သူ့နှုတ်ခမ်းလေးကိုရှေ့ထားပြီး . . . . .
အင်း . . . ကြယ်လေးရေ . . .
နှုတ်ခမ်းလေးကိုရှေ့ထားပြီး ကျွန်တော်ဘာလုပ်ရင်ကောင်းမလဲ
. . . . . . . မလန့်ပါနဲ့ ကြယ်မလေးရယ်
ချစ်လို့စတာပါကွယ် ။

သမာရိုးကျမဟုတ်ဘဲ
ကြယ်လေးတစ်ပွင့်ကိုချစ်မိတဲ့အခါ
ကျွန်တော် . . . ကြယ်ကြည့်သူတစ်ဦးဖြစ်သွား
ကြယ်ကလေးကြွေကျလာဖို့ ဆုတောင်းမိတယ်
ကျွန်တော့်နံဘေးနားကို . . .

ကျွန်တော်လေ . . .
`ဟိုတစ်နေ့တုန်းက´ ကိုပြန်ရောက်သွားတော့
ပွဲတော်ကို မျက်ဝါးထင်ထင်ပြန်မြင်တယ်
ကြယ်မလေးရေ . . . ကြယ်မလေးရေ . . .

ကျွန်တော်ဟာ ကြယ်မလေးယက်လုပ်တဲ့ အ၀တ်လေးတစ်ထည်ဖြစ်ချင်တယ်
ကျွန်တော့်ကို သူဝတ်ဆင်တဲ့အခါ
ကျွန်တော် နွေးနွေးထွေးထွေးဖြစ်သွားချင်တယ်
ကျွန်တော်ဟာသူ့ရဲ့ မီးလင်းဖိုလေး
သူဟာကျွန်တော့်ရဲ့ဆောင်းတွင်းလေး . . .
အဲဒီလိုလည်း ဖြစ်ချင်တယ် ။

တကယ်တော့ `သူမ´ဟာ
လှလှပပ ကြယ်နတ်သမီးလေးတစ်ပါးမဟုတ်ပါဘူး
ပြောင်စပ်စပ်နိုင်တဲ့ ကြယ်ရူးမလေးတစ်ဦးဖြစ်တယ်
ပြောရင်းနဲ့ကို . . . ချစ် ချစ်လာမိတာ
ကြယ်မလေးရေ . . . ကျွန်တော့်ဆီကြွေပါ ။

ကြယ်မလေးအတွက် အလင်းတွေသွန်းထားတဲ့ဖတ်စာ
ဒီကဗျာရေးပြီးတော့ ကြယ်မလေးကို ပေးမဖတ်ဝံ့ပြန်ဘူး
ရှက်တာပေါ့ကွယ် . . . . ကြယ်စင်မလေးရယ်
ကျွန်တော်က ချစ်မိသွားတဲ့အခါ . . . .

- သူရဿဝါ -

ဖေဖော်ဝါရီအတွက် ရိုးလွန်းတဲ့ကဗျာ

အိုင်ယာလန်မလေး…
မြန်မာသွေး မစစ်တဲ့  မြန်မာပြည်ကို..ချစ်တဲ့ ကောင်မလေး
စကပ်ကလေးနဲ့ လှ…
သွားလေရာမှာ ခြေကျင်းလေး ငါဖြစ်မယ်

မြောက်လေတွေပျံ့ သင်း
နဂါးတွေရဲ့ ခံတွင်းဝကနေ
လကွေးကွေးလေးနဲ့ ဆွေးနေမယ်

စံပယ်ပန်းလေးကိုပန်
ဘ၀အမှန်ကိုမေ့ ကွယ်

ပါးကွက်ကြားလေးနဲ့ ငါ့ရာဇ၀င်ကိုချီ
တေးတွေလည်းသီပေးမယ်

ချည်ချောထမီလေးနဲ့ ယဉ်
မြန်မာလိုပြော….
ငှက်တွေကူးခတ် ..ငါးတွေပျံသန်း
တယောအိုတစ်လက်.....နဲ့ 
ဧဒင်ဥယျာဉ်ကြီးမှာ ပန်းပုခက်လည်းစီးကွယ်

အနီရောင်မြို့ ပြထဲကျေးလက်ပုံစံနဲ့ …
ဘာဖြစ်သေးလဲကွယ်…
လေထဲက… ရဲတိုက်ကြီးကိုဆွဲထုတ်
နင်က ဘုရင်မလုပ်
ငါကအိပ်ဖန်စောင့်လုပ်မယ်

နင့် ..လက်ဖျားထိပ်မှာ
ကြယ်တွေ ပွင့် …..
နတ်ဘီလူးတွေစစ်လက်နက်တွေချ
ခေါင်ရမ်းတစ်ပွင့်ပျိုးလို့ ..နှင်းဆီပွင့် တဲ့ …
မှော်ရာသီမှာ …ရင်ဘတ်ထူထူနဲ့ 
မာနရူး…ရူးနေတဲ့ ….
ငါ..ဟာ အဆိပ်ဆူးလည်းဖြစ်ချင်တယ်

လှပြီးသားကွယ်….
သနပ်ခါးလေးနဲ့ လည်း….
ငါ့ အိမ်မက်တွေကို နင်..ပိုင်တယ်

ကတ္တီပါဖိနပ်လေးနဲ့ …
ပုသိမ်ထီးကလေးကိုဆောင်း
နတ်လုလင်တို့ ဗျတ်စောင်းကိုတီးကြ
ပွင့်သောပန်းတိုင်းလည်းလှစေ

ကျေးတောသူတတ်တဲ့ ပဉ္စလက်နဲ့ 
ပင်လယ်ကြီးကို မျှားကြစို့ 
သောကြာနေ့ မှာ စနေနံ အင်္ကျီကြီးမ၀တ်နဲ့ 
တိုးတိုးလေးပဲပြောပါကွယ်....
တိတ်တိတ်ကလေးနားထောင်မယ်....

ကန္တာရင်ဘတ် ကြက်ခြေခတ်တွေတလက်လက်နဲ့ 
ရေငတ်နေတာကြာပေါ့ ....။
အိုင်ယာလန်မလေးရေ....
ညောင်ရေအိုးထဲက ရေတစ်စက်နဲ့ ....
ငါ့ အသက်ကို ဆက်ပါ ....။

မြူမှုန်တွေကျဲပက်...
ရာဇ၀င်အထပ်ထပ်နဲ့ ...
ဟင်းလင်းပြင်မှာညပ်နေတဲ့ ...ဓါးတစ်ချောင်း
ငါ... မနေ့ ကအင်္ကျီကိုပြောင်းပြန်..ပြန်ဝတ်တယ်

ကာရန်မညီလဲ...ချစ်ပါရစေ
အိုင်ယာလန်မလေးရေ....။
နင့်နာမည်ခေါ်ရတာခက်တယ်....
နှင်းဆီနက်လို့ ပေးထားမယ်...
နာမည်ပေး ကင်ပွန်းတပ်ကို...
(၁၃) ရက်နေ့ မှာလုပ်မယ် ..... ။
(၁၄) ရက်နေ့ မှာ နင့် အတွက်ဆိုပြီး...
ဒီကဗျာကို ငါရေးမယ်.......။

- ရင်ခွင်ရှိန်း -

ညီမလေးအိပ်ပျော်နေတုန်းမှာ အစ်ကိုဟာညီမလေးမျက်ခွံလေးတွေဖြစ်တယ်

ပင်လယ်မှာ ကျွန်တော် လျှပ်ပေါ်လောလီ နေခဲ့တာတွေ နောင်တရသလို ဖြစ်မိပါတယ်
တစ်ခါတစ်ခါ ကော်ဖီသောက်တတ်ပေမဲ့ ကိုယ်တိုင် ကော်ဖီ မှောက်ကျတဲ့ ကိုယ်ခန္ဒာ အခိုက်အတန့် မျိုးမှာ
အလေးချိန်က ဒလိမ့်ခေါက်ကွေး ၁ပိဿာ ၂ပိဿာ စသဖြင့် ဘယ်လောက်ပေါ့ပေါ့ ဘယ်လောက်ပါးပါး
ညီမလေး အတွက်တော့ ဟောဒီ ၅ ပေ ၇ လက်မ ပေါင် ၁၁၀ လေးဟာ အမြဲ အသင့်ပါပဲ ပြောမရဆိုမရ
ရန်ကုန်နဲ့ မန္တလေးဟာ ၁ နာရီ မိုင် ၁၀၀ နှုန်း နဲ့  ခုတ်မောင်းဆန့် ထွက်ရင်တောင် သွေးကြောမိုင်ပေါင်း
ခုနှစ်သောင်းကျော် ကြားက ယိုစိမ့်ကျကျလာမယ့် ဖြစ်မှု ပျက်မှု နှလုံးသားအာရုံခံစား စေ့စော်မှု
စိတ်မထင်ရင် မထင်သလို အော်ငိုတတ်မှု ကျွန်တော့်ကိုယ်ကျွန်တော် ပြန်ကျိန်ဆဲရင်း တံတားပေါ်က
ခုန်ချလိုက်ရင် ကောင်းမလား ဘုရားရှေ့ သွားပြီး အပြစ်တွေ ၀န်ခံရမလား တရားမရသေးဘူး
သတင်းစာနေ့ စဉ်မဟုတ်ရင်တောင် တစ်ရက်ခြားစီလာပါ ညီမလေး နေကောင်းပါရဲ့ လား
ကောင်းကောင်းနေပါရဲ့ လား အကိုတို့ ကြုံနေရတာ အချစ်ဇာတ်လမ်း ကောင်းကောင်း တစ်ပုဒ်သာဆို
ညီမလေး မှာ အစာအိမ်ရောဂါ ရှိခဲ့မှာ မဟုတ်ဘူး ကိုင်ထားတဲ့ဖုန်း စကားပြောခွက်ကို မချလိုက်ပါနဲ့ 
သတိရရင် အဲဒီသတိက အကိုပေးလိုက်တဲ့ သတိပါ ညီမလေး ရထားတဲ့ သတိဟာ အကို့ လွယ်အိတ်ထဲက
ကဗျာစာအုပ်လေးဖြစ်တယ် C D လေး တစ်ချပ်ဖြစ်တယ် အကိုဘက်ကစပြောချင်တဲ့ " ဟဲလို " တစ်ခွန်း
ဖြစ်တယ် ကက်ဆက်ဖွင့်လိုက်ရင် ဒီသီချင်းက ရင်သို့ တိုးဝှေ့ နေဆဲပဲ ရထားလက်မှတ်ထဲ ခုန်ဝင်ချင်နေတဲ့
ပဋိပက္ခ မသိစိတ် ယန္တရားက ထိုင်မသိမ်းစလို ထိန်းမရ သိမ်းမရနဲ့ ပါလား ဆေးလိပ်ကို လမ်းမပေါ်
ပစ်ထည့်လိုက်တာ အဲဒီနေ့ က အဲဒီနေ့ က ညီမလေးကို လွမ်းလို့ ပေါ့ကွာ ယနေ့ ကျွန်တော်တို့ ကမ္ဘာဟာ
ခရစ်နှစ် ၂၀၁၀ ဖြစ်ပါတယ် ဧရာဝတီလည်း အရင်လောက် မနုပျို တော့ ကျွန်တော်တို့ လည်း
အရင်လောက် မဖြတ်လတ်တော့ အနာတရ တွေ ဧဒင်မှာပဲ လာလာပွင့်ကြတယ် ဖြန့် ခင်းထားတဲ့
သက်တန့် တစ်ခင်းစာလို ခွေခွေကလေး ရောထွေးနေရင် အကောင်းသား လှုပ်ခတ်လိုက်တော့
ကမ္ဘာကြီး မပြားဘဲ ကောင်းကင် ကြီး ပြားသွားတယ် အပေါ်က သက်တန့် ကြီး ပြုတ်ကျတော့မယ်
အိပ်စက်နေတဲ့ ငါ့ညီမလေး လန့် နိုးတော့မယ် အသံဗလံတွေ ဆူညံပွက်လောရိုက် စံပယ်တွေလည်း
တစ်သိုက်သိုက် တစ်ရှိုက်ရှိုက် ရာသီဥတုက အစစအနန ပွန်းပဲ့ကြွေ ဘာမှ ထွန်ယက်မရတဲ့
ကွင်းပြင်လို မနက်ခင်းမှာ အကို့ ကို မလိုအပ်တော့လို့  ထစ် , အ ပစ်ချလိုက်ခဲ့တာလည်း ညီမလေး
စုတ်ဖြဲလိုက်တော့မေ့လိုက်တော့ အိပ်ရာကနိုးလာရင် ကမ္ဘာကြီး ကို မြင်အောင်ကြည့်လိုက် တစ်ခါတစ်ခါ
ကမ္ဘာက ကြီးလွန်းပြီး မျက်လုံးတွေက သေးငယ်လွန်းတော့ မမြင်ရဘဲ ဖြစ်တတ်တယ်
ဒီအခါမှာ လူအဖြစ် ပီသအောင် အချစ်ကားကောင်းကောင်း တစ်ကားလောက်ကြည့်လိုက်
ပြီးမှ ချစ်သောမျက်စိနဲ့  မျက်စိတစ်ဆုံး ထပ်ကြည့်လိုက် မမြင်ရသေးဘူး ဆိုရင် နှစ်နှစ်ခြိုက်ခြိုက်
အိပ်ရေးဝအောင်ထပ်အိပ်လိုက် အကို က အမြဲရှိနေမယ် အမြဲမှ အမြဲတမ်းကိုရှိနေမယ်
ညီမလေးအိပ်ပျော်နေတုန်းမှာ အကိုဟာ ညီမလေး မျက်ခွံလေးတွေဖြစ်တယ် ။

- မောနွေ -

ညနေ

လေပြေလေညင်းကအစ ငိုတယ် ။
နေ့၊ ည တွေဟာ နေရဲ့အခွံဆီကနေ ငါ့ဆီကို လွင့်မျောထိမှန်လာပြီး ငါ့ကိုထပ်မံ
ခွဲခြမ်းစိတ်ဖြာကြည့်လိုက်ရင် ငါက ငါ့အသက်ရှင်ခြင်းကို ပြန်ငြီးငွေ့လာပြီး ငါ့နာမည်ရဲ့
အသက်ရှင်ခြင်းဟာ စက္ကူငှက်ထဲက ‘ငါ’ ပါနဲ့ဆို ထုံသလိုလို၊ ကျဉ်သလိုလို ကမ္ဘာကို
ငါရတယ်။ ငါ့အာရုံအရပ်ရှစ်မျက်နှာမှာ မော်တော်ယာဉ်ဝေးကြီးတစ်စင်းဟာ ဂြိုဟ်သားရဲ့
မီးခိုးလို လျှာတွေထဲက အငွေ့နှုတ်ခမ်းနဲ့ နမ်းတယ်ဆိုပြီး အိတ်ဇောပြွန်ထဲကနေ
မျက်ရည်ငွေ့နဲ့ လှမ်းမှုတ်တယ်။ ငါ ပူပူလောင်လောင်မုန်းတယ် နင်စီးတဲ့ လိုင်းကားကအစ
ငါမဝယ်ပေးနိုင်မယ့် လက်ဆောင်တွေအဆုံး။ ငါ့ကို လိပ်ပြာလုံအောင် ပိတ်လှောင်ဖုံးထားနိုင်တဲ့
နင့်စိတ်ထားကိုတော့ ငါချစ်တယ် ငါ့ကိုချစ်တဲ့အတွက်လည်း နှလုံးသားက နင့်ကို
ကျေးဇူးတင်ပါတယ် နင်ချစ်လိုက်မိတဲ့ကောင်က ခပ်ပျော့ပျော့ကောင် အွန်လိုင်းမှာ
စာသားချင်းနမ်းလိုက်တဲ့ အချိန်ဆိုရင်ပဲ ဘဝက ကိုယ်တိုင်သစ်ပင်တစ်ပင်
ဖြစ်သွားတဲ့ ပုံပြင်တစ်ပုဒ်ထဲ ဝင်ထိုင်နေရတယ်လို့ မှတ်နေတာ စိတ်ဆွေးလွန်းလို့
ကွာကျသွားမှာကို စိုးရိမ်ကြောင့်ကြနေရတာ ငါ့ကို အဝေးကြီးတွေကို အတူ
ခေါ်သွားပြီး မထားခဲ့ပါနဲ့ လူတွေအများကြီး ရှိတဲ့နေရာမှာ မထားခဲ့ပါနဲ့ ငါ့ကို
အပေါ်ယံ ပူနွေးမှုမျိုးပဲပေးမှာ ငါကြောက်တယ် နင်မရှိရင် အိပ်မက်အနက်ကြီးတွေထဲ
ငါပြုတ်ကျမှာ။ ငါ့နှလုံးသား ခြေတွေလက်တွေ ကျိုးပဲ့သွားမှာ။ ငါငိုမှာ။ မျက်ရည်ရှော့ခ်နဲ့
ဦးနှောက်ကို ရိုက်ပစ်မှာ။ နင်က နေရဲ့အင်္ကျီလေး ပူနွေးစိုစွတ်တဲ့ အာကာသလက်ချောင်းငယ်
လေးတွေမှာ ခေါင်းစည်းကြိုးလေးတွေရှိတယ် ငါ့ရင်ထဲမှာ သိမ်းထားတယ်။
ငါဆံပင်တွေကို လက်နဲ့ ထိုးဆွမိနေတယ် နင်ကားပေါ်တက်သွားပြီ ငါ့တို့
စိတ်ကူးချင်းသဘောတူညီစာချုပ်ဟာ သင်္ချိုင်းတစ်ခုဖြစ်သွားမလား အချစ်ဟာ
အိုအောင်မင်းအောင် ငါတို့နှစ်ယောက်နဲ့ အတူ အသက်ရှည်ပေါင်းသင်းနေနိုင်ပါ့မလား
ငါကြောက်တယ် ဘာတွေကိုမှန်းလည်း ငါမသိဘူး ငါ့ကိုယ်ငါ အထင်သေးတယ်
နင်ဟာ ငါ့မြင်ကွင်းထဲက တဖြည်းဖြည်း ဝေးဝေးသေးသေးသွားတယ် ငါ့ရင်ထဲမှာ
‘ဟာ’ ခနဲ။ လေဟာနယ်တစ်ခုထဲမှာ ဘာနဲ့မှ ထိတိုက်ခွင့်မရလိုက်တဲ့ ဒဏ်ရာဟာ
အတော်ပြင်းပြင်းထန်ထန် နာကျင်လာတယ် ငါဝမ်းနည်းနည်းနဲ့ စာရွက်ပေါ်ပဲ
စာသားတွေ အားနဲ့ဖိရေးလိုက်တဲ့အခါ ငါ့နှလုံးသား အရမ်းအောင့်လာတယ်
“နာတယ်၊ နာတယ်” လို့ တအားအော်တယ် ငါ့သူငယ်အိမ်မှာ သွေးအညစ်အကြေးတွေနဲ့
ငါ့နားထဲမှာ မုန်တိုင်းအစိုင်အခဲလို အသံတွေအော်ဟစ်နေတယ် ငါဘာတွေဖြစ်နေတာလဲကွာ
ငါ့မသိတော့ဘူး ငါအရမ်းဝမ်းနည်းနေတယ်။ မဖြစ်မနေမို့ပါ နင့်လက်ကလေးတွေကို
ငါ ဘဝလို့ မှတ်လိုက်တော့မယ် နင်ငါ့ကို ခေါ်တဲ့ "ဟေ့ကောင်" ဆိုတဲ့ စကားလေးကို
ဘဝလို့ မှတ်လိုက်တော့မယ် ခုချိန်ဆို ငါ့နူးညံ့မှုတွေမှာ နင် မှတ်ဥာဏ်တွေ အိပ်ပျော်
နေမလား ငါ့စိတ်တွေအိပ်မပျော်ဘူး ငါ့ကိုဂရုစိုက်ပေးပါဟာ ငါနင့်ကိုချစ်တယ်
ငါ့ကို ဂရုစိုက်ပေးပါ ....
ကြေကွဲနေ့ညတွေမှာ ငါရှိနေတယ်  ‘      ’ ။


- မောနွေ -

တန်ဖိုးနည်းအိမ်ယာ

အရေပြားအနှံတက်တူးထိုးပြီးကာစ အခြေအနေလို
နေရာပေါင်းစုံမှာ နာကျင်မှုတွေ တွယ်ကပ်နေ
သွေးလွှတ်ကြော ၊ သွေးပြန်ကြော အားလုံး
လားရာဆန့်ကျင်လျှက် စီးဆင်း
အသက်ရှူမ၀သလို အလုအယက်
ကိုယ့်နာမည်ကိုဖွဖွလေး လက်ခုပ်ထဲ ထည့်လို့
ပတ်သက်သမျှဟာ အလဂျစ်ထနေတယ်
အိမ်ကလေး ။

ပြတ်ရာ ရှရာတွေ တစ်ခုပေါ်တစ်ခု ထပ်
အော့အန်ပစ်လိုက် ဖို့တောင်
အစာအိမ်ထဲမှာ အစာမရှိ
ခေတ်ပညာတတ်တစ်ယောက်ရဲ့ အိပ်တန်းပြန်ချိန်ဟာ
အမှိုက်အဟောင်းတွေလို ထိုးသိပ်ထည့်ခံရ
မာကျူရီ မီးရောင်အောက်မှာ
နေလောင်ခံ အရေပြားစတွေ ဖွေးကနဲ လက်ကနဲ
အိမ်ကလေး။

အိမ်ကလေးတစ်လုံးအတွက်
ကိုယ်ဟာ အသက်ကို ခပ်ကြမ်းကြမ်း
မွေးမြူနေခဲ့ရ၊ ၀မ်းနည်းနေခဲ့ရ၊ ပျှော်ရွှင်နေခဲ့ရ

“ခင်ဗျားသားရဲ့ အဖေဟာ ခင်ဗျားမဟုတ်ပဲ
ခင်ဗျားရဲ့ ဘွဲ့လက်မှတ်ပဲ ဖြစ်ရလိမ့်မယ်”
လိုအပ်ခြင်းနဲ့ မလိုအပ်ခြင်း ကြားမှာ
အလွှာပါးပါးလေး ခြားနေတယ်
လူ့အဖွဲ့အစည်းဟာ ကွန်ပျူတာတစ်လုံးပဲ
ဝမ်းခေါင်းသံပါတဲ့ ရှက်ရွံ့မှုတွေရဲု့အဆုံးမှာ
အိမ်ကလေး ။

ကြမ်းရှပူနွေးတဲ့ လက်အစုံပေါ်မှာ
နုညံ့ပြီး ပွင့်ဖတ်လေးနဲ့ တူတဲ့ အသက်ရှူသံတွေရှိတယ်
ကိုယ်ဝန်ပျက်ကျခြင်း ဖြစ်စဉ်ဟာ
ပစ္စုပ္ပန်ကို မြေပေါ်မှာ ဒရွတ်ဆွဲသွား
သွေးရိုးသားရိုး အမှားမျိုးဆိုတာ
ဘယ်လိုအရောင် ဘယ်လိုအရသာလဲ
သုံးဆင့်ချိုင့် ချောင်ချောင်ကလေးလိုပါပဲ
အသင်ရှင်နေထိုင်မှုက
လျော့ရဲပြီး တွဲကျနေတယ် ။

လက်သန်းတစ်ချောင်းလုံး ဒဏ်ရာတွေ အပြည့်ပဲ
သွေးစတွေ ပြည်ဝတ်တွေ နံစော်မှု့တွေနဲ့
ဘာကိုမှ ဆုပ်ကိုင်မထားချင်လောက်အောင်
မင်းရဲ့အဖျားက ကူးစက်လာပြီ
ရှင်သန်မှုတွေက အမြစ်ကစပြီး ပေါက်ထွက် ကုန်ကြ
ခြေဖ၀ါးကြားက တိမ်စတွေ
ဒီအတိုင်းပဲ ထားလိုက်ကြတာပေါ့
မအားလပ်တဲ့ ကြားကပဲ
သက်ပြင်းကို အချိန်လုပြီး မှုတ်ထုတ်ရ
စကားလက်စ် ဂျိုဟန်ဆန်(မ်)ရဲ့ အလှကို ဆိုင်ကယ်ပေါ်တင်ပြီး
တောင်ကြီး မြို့အနှံ့ လျှောက်လည်ဖြစ်ဦးမယ်ထင်မိ
ရုတ်တရက် မိုးရွာလိုက်သလား
စကားသံတွေဟာ ထက်မြလွန်းနေခဲ့
ငှက်ပျောပင်ရဲ့ အစည်းတွေလိုပဲ
ကိုယ်ဟာ မျက်ရည် အရမ်းလွယ်တယ် ။
နောက်ပြီး မလိုအပ်တာတွေကိုပါ
တနင့်တပိုးလွယ်လွယ် ထားတတ်သေးတယ်
ဘ၀သေးသေးလေးနဲ့ပါ
အိမ်ကလေး  ။

လူလေးငါး ယောက်ကိုပဲ မြိုထားမဲ့
အမိုးအကာနဲ့ သွေးနွေး သတ္တ၀ါ
အများသုံး အိမ်သာလောက်မှ သန့်ရှင်းမှု မရှိတဲ့
လုပ်ရပ်နဲ့ စိတ်ကူးစိတ်သန်း တစ်ချို့
ကိုယ့်မှာ ရှိနှင့်နေခဲ့တယ်
အနာတရတွေကို ထွေးထုတ်ရင်း
အော် ညည်းဖို့ကို မေ့နေသလိုပါပဲ
မောပမ်းရင်းနဲ့ ပြေးနေခဲ့ရ
လူ့အဖွဲ့စည်းနဲ့ ယဉ်းကျေးမှုတန်ဖိုးဟာ
လိုက်မမှီအောင် တရိတ်ရိတ် မြင့်တက်လာခဲ့
ရာတန် ခပ်လတ်လတ် တစ်ရွက်လောက် များရှိရင်
လန်ဒန်စီးကရက်တစ်လိပ်လောက်
အားပါးတရ ၀ယ်သောက်ပစ်လိုက်ဦးမယ်
လင်းထက်အောင်နဲ့လည်း သိပ်မတွေ့ဖြစ်တော့ဘူး
အာရုံတွေကို အံသွားနဲ့ ဖိကြိတ်ဝါးနေရင်း
အိမ်ကလေး ။

အမေရယ်၊ မမသဲရယ်၊ ဒဏ်ရာရ မီးသီးတွေရယ်
ဆောင်းတွင်းအတွက် အိပ်ယာကလေး ပြင်ဆင်ထားမယ်
မျက်လုံးတွေလဲ ကျိန်းစပ်ပူလောင်လို့
မနက်ဖြန်ဟာဘယ်လို ရပ်နေလဲဆိုတာတောင်
ကြည့်ဖို့ အဆင်မပြေဘူး
ငွေကြေး ၊ဘွဲ့လက်မှတ် ၊ အနာဂတ်အာမခံချက်
ကိုယ့်ကို လက်မထပ်ပါနဲ့တော့ အချစ်ရယ်
ဒါတွေကိုပဲ သေချာလေး သယ်ယူသွားလိုက်ပါ
လိင်လိုအပ်ချက်က လွဲလို့ပေါ့
ဒါဆို မင်းအိမ်ထောင်ကျသွားပြီလေ
ဒါဟာမင်းရဲ့ လက်ထပ်ပြီးစီးခြင်း လက္ခဏာပဲ
ခံစားမှုဝါဒီတစ်ယောက်ရဲ့ ကျဆုံးခြင်းဟာ
သူ့ကိုယ်သူ ပိုင်ဆိုင်နေခြင်းပဲ ဖြစ်နေလိမ့်မယ် ။

ပင်လယ်ကဗွီးပင်၊ မိန်းမတစ်ယောက်ရဲ့ပြင်းထန်လှတဲ့ စွပ်စွဲချက်
ပညာတတ်အန်ဖတ်  ၊အပေါင်လက်မှတ်
ချစ်သူရဲ့ လျော့ရဲလုနီးပါး အသားစိုင်များ
ဘွဲ့လက်မှတ် ၊အကျင့်စာရိတ္တကောင်းကြောင်းထောက်ခံစာ
အားလုံးကို ထားခဲ့လိုက်တော့မယ်
အိမ်ကလေး
၂၀၀၂ ခုနှစ် ၁၉၉၅ ခုနှစ် ၊ ၂၀၁၂ ခှနှစ် ။
မသေခင်မှာ ရောက်ခဲ့ချင်တယ်
အလင်းရောင် ကောင်းကောင်းနဲ့ မြင်ခဲ့ချင်တယ်
အသက်မျှင်းမျှင်း ရှူနေရတဲ့
ကိုယ် အရေပြားရောဂါသည်လို
အနိုင်နိုင် ရပ်တည်နေရ ၊ ဖွင့်ထုတ်နေရ
ဝမ်းခေါင်းထဲက ထွက်လာတဲ့ အံဖတ်တွေနဲ့
ဆောက်လုပ်ထားတယ်
အကြော အပြိုင်းပြိုင်းထနေတဲ့ လက်အစုံနဲ့
အုပ်မိုး ကာကွယ်ထားတယ်
ဘာသာတရားရဲ့ လှစ်လျုရူမှုကို ခံနေရတယ်
အိမ်ကလေး  ။   ။

- မောင်မိုးမြင့် -

အဲ့ဒီနေ့ရဲ့ ကိုက်တစ်ရာအကွာမှာ ကိုယ်ရပ်နေတယ်

ပုလင်းထဲ သံယောဇဉ်ကျန်သေးတယ်ထင်တယ်
ဘယ်လိုလုပ်မလဲ စစ်နိုင်
လမ်းတဲ့
သူ့ ကိုယ်သူ တစ်ခြမ်းစောင်းပြီး မောင်းနေတယ်။

လက်သည်းကြားကို အလွမ်းစိုက်ပြီး တူနဲ့ ထုလိုက်တော့လည်း
တစ်ကိုယ်လုံးတုန်ရင်သွားတာက လွဲလို့ ။

မြင်နေကျ နက္ခတ်ဆီက
တံခါးပိတ်သံ ကြားလိုက်ရသလို
သိမ်းထားတဲ့ စံပယ်တစ်ချို့ 
အလိုမတူပဲ အလင်းဝင်ကြ
သေချာတယ် သူမ ကိုယ့်ကို ရန်သူမျိုးတစ်ပါးပါးနဲ့  လူမှားနေပြီ။

ဟိုမှာ မုဆိုးငိုက် ငိုက်နေတာ တွေ့ လား
အိမ်ပြန်ချိန်နောက်ကျ ဖျားနေတဲ့ ဓာတ်တိုင်
ကိုယ်သူ့ ကို အစာတွေ ကျွေးနေမိတယ်။
လန်ချားတစ်စီးဟာ ကိုယ့်ကို မနက်စာပါမုန့် တစ်လုံးလို ကြည့်နေတယ်
ကိုယ့်လက်ဖ၀ါးပြင်မှာထင်ရှားနေတာ အသက်ရှူမှားခြင်းတွေ
ကိုယ့်ကိုယ်ရွံရှာနေတာ ကိုယ့်ကဗျာထဲက မနက်ခင်းတွေ
ဖုန်းနံပါတ်အမှားတွေမှာပဲ အမွှေးတိုင်တစ်ချို့ ထွန်းမိတယ်။

ကိုယ်မလိုချင်ပါဘူး စစ်နိုင်
ဘယ်ကမ်းနားမှလည်း မထိုင်ဖြစ်ဘူး။

ဦးစစ်နိုင် သိလား
ချွန်မြနေတာပဲ
အသည်းကွဲတယ်ဆိုတာလည်း
သူ့ ဂျိုနဲ့ သူပဲ။

မီးမထွန်းပဲ ထ ထ လင်းနေတဲ့ ညရယ်
ယောင်ယမ်းဆွဲနှုတ်မိတဲ့ မျက်ခုံးမွှေးတစ်ချို့ ရယ်
ကိုယ့်ဆီ မပျက်မကွက် ဂါရ၀ပြုနေတဲ့ ညနေငါးနာရီရယ်
သူမ တံတွေးစွတ်ပြီးဖတ်သွားတဲ့ ကဗျာဆရာတစ်ယောက်ရယ်။

ကိုယ်အခြေအနေမကောင်းဘူး စစ်နိုင်
သူမ လမ်းပြောင်းပြန်ကြီးမောင်းနေတယ်။

- ညီဇံလှ -

================

နတ်မောက်...
မင်းဘာမှထပ်မလုပ်နဲ့
ထိန်လင်းကိုငါတို့ဆီပေးပြီးကတည်းက
ဆယ်ကမ္ဘာစာလောက်တာဝန်ကျေပြီ။

ဒေါ်စု....
သူ့အမေဆိုတဲ့အတိုင်းခင်ဗျားစိတ်
ဓာတ်မာလှပါတယ်။
ခင်ဗျားငွေတိုးချေးသလို၊
ခင်ဗျားဆီတွေလှောင်ထားသလို၊
သူ့ကိုလည်း
ခေတ်ကြီးထံအပြီးအပိုင်ချေးလိုက်
တယ်လို့မြင်ပါ။
ကျွန်တော်တို့လည်း ရင်ထဲမှာ အမြဲလှောင်သိမ်းထားတော့မယ်။

ခင်ကြည်...
ညည်းယောက်ျားကိုသေချာကြည့်ထား
သမီးကလေး ခမည်းပေးဖို့
ရွှေကလေးတစ်ပဲတစ်မူးတောင်
အမေအိုဆီ လက်ဖြန့်တဲ့လူသား။
နိုင်ငံခေါင်းဆောင်ငမွဲကို
ညည်းစိတ်ပျက်ချင်ပျက်
သမိုင်းက စိတ်မပျက်စေနဲ့။

ဗိုလ်ထွန်းလှ...
ခင်ဗျားဆရာကို ကြည့်ပြောဦး
လမ်းဘေးမှာ အကြော်ဝင်ဝင်စားနေတာ
နှောင်းလူတွေသိရင် မျက်နှာမထားတတ်အောင်ရှက်နေရှာဦးမယ်။

ဆရာတော်ဦးသောဘိတ....
ဒီတစ်ခါကြမ်းတမ်းမိလို့
ဒီကလေးကို မရိုက်ပါနဲ့
ရရင်ရ မရရင်ချ ဆိုတာ
ကျွန်တော်တို့အတွက်ပါဘုရား။

ဦးဘ၀င်း..
ခင်ဗျား ညီအငယ်ဆုံးလေးကို ခွင့်လွှတ်လိုက်ပါ။
သူပြောခိုင်းတဲ့ ရည်းစားစကား ပြောပေးလိုက်ပါ။
စစ်သားကြီးအသည်းက ဆေးရုံပေါ်မှာကျန်ခဲ့ရင်
ကျွန်တော်တို့ပဲ နစ်နာကြမှာ။

ရဲဘော်ကျော်စိန်....
ခင်ဗျားကားမောင်းရင် သတိကို ငယ်ထိပ်မှာကပ်ထား
ခင်ဗျားတင်မောင်းလာတာ ကျွန်တော်တို့
အတိတ်ကြီး/ပစ္စုပ္ပန်ကြီး/အနာဂတ်ကြီး။

ဟေ့လူ...ပလေဒီယံရုပ်ရှင်ရုံမန်နေဂျာ..
သူ့ဟာသူ ငါးမူးတန်းက ကြည့်ကြည့် ၊ တစ်မတ်တန်းက ကြည့်ကြည့်
သွားမတားပါနဲ့။
ဘ၀မှာ အပန်းဖြေနည်း လက်တစ်ဖက်မပြည့်ခဲ့တဲ့ သူ
စိတ်လွတ်ကိုယ်လွတ်ခံစားပါစေဗျ။

ဗိုလ်မှူးကြီးဆူဇူကီး....
တွေ့တယ်မလား..ခင်ဗျားကိုလက်ဆွဲနှုတ်ဆက်ရင်း
ခင်ဗျားကို တိုက်သင့်ရင်တိုက်ရမှာပဲလို့ ပြောခဲ့တဲ့ အညာသားလေးကို။
အဲ့သတ္တိအဲ့စကားကို သေချာမှတ်ထား
နှောင်းမြန်မာတွေထဲမှာ ပြောရဲတာတစ်ကောင်မှမရှိဘူး။

အမွိုင်....
မင်းမြေကို သူနင်းလိုက်တော့ တွန့်မသွားဘူးလား
အာရှတိုက်ရဲ့ ကြယ်တစ်လုံးကို
နှစ်လလောက်ထမ်းထားလိုက်ရတာ
အခုထိ ဂုဏ်ယူမဆုံးမဟုတ်လား။

ဦးစော...
ခင်ဗျားကို မေ့ထားပါ့မယ်။ခွင့်လွှတ်လို့တော့
မရသေးဘူး။
ဒါပေမဲ့..မပူပါနဲ့။
ဒီနေ့ခေတ်မှာလည်း ခင်ဗျားလိုလူတွေအများကြီးရယ်။

မစ္စတာနေရူး...
ခင်ဗျားသူ့ကို လောင်းကုတ်ကြီးပေးလိုက်တာ ကျေးဇူးတင်တယ်ဗျာ
အခု ကျွန်တော်တို့မှာ ဒါကြီးခြုံပြီး နွေးနေရတာ။

ပဲခူးဆောင်...
ခင်ဗျားအခန်းထဲက ကြမ်းပိုးတွေမောင်းမထုတ်လိုက်နဲ

စာအုပ်ပုံကြီးကို ရှင်းမပစ်လိုက်နဲ့
မခေါက်ရသေးတဲ့အ၀တ်တွေ တန်းပေါ်မချိတ်လိုက်နဲ့
သူဇိမ်နဲ့မနေခဲ့လို့ ကျွန်တော်တို့ဇိမ်နဲ့ နေနေရတာ။

ညိုညိုစိန်....
ညည်းတစ်သက်လုံးမင်းသမီးလုပ်လာတာ
အနယ်နယ်အရပ်ရပ်။
ရွှေဘိုညချမ်းကလို သူရဲကောင်းမျိုး တွေ့ဖူးခဲ့လား၊တွေ့ဖူးရဲ့လား။
"ကျုပ်မှာ ကာမပိုင်နဲ့ဗျ" တဲ့။
မိန်းကလေးတန်မဲ့ လက်ဆွဲကျီစယ်မယ့် ညည်းတောင်
ကြက်သီးဖြန်းဖြန်းထသွားရဲ့မဟုတ်လား။

ဆြာ စတက်ဖို့ကရစ်ပ်....
သူ ခင်ဗျားအကျီအိတ်ကြီးပြဲသွားအောင်
ဖောင်တိန်ကို ဆွဲလုလိုက်တာ မအံ့သြပါနဲ့။
၃၂နှစ်နဲ့ သေခဲ့တာတောင် ကျွန်တော်တို့နှလုံးသားတွေကို
သူအခုထိ ဆွဲလုနေနိုင်တုန်း။

ဦးဋ္ဌေးမြိုင်(သို့)ဒဂုန်တာရာ...
(ဇွတ်ချစ်မယ်)ဆိုတဲ့ အချစ်သီချင်းအစား
စစ်ချီစစ်တက်သီချင်းတွေပဲ သူကကြားချင်တယ်ဆို
တီးပေးလိုက်ပါဗျ။
နှလုံးသားမရှိတာမဟုတ်ပါဘူး။
နှလုံးသားရှိလွန်းလို့ပါ။

ဂျူဗလီဟော....
ကျေးဇူးပြုပြီး ရွှေတိဂုံဘုရားလမ်းဘက်လှည့်မထားပါနဲ့။
ခင်ဗျားကို မြင်တိုင်း
မျက်ရည်ဝဲရင်း အလေးပြုမိလို့။

ရဲဘော်ကလေးတွေ......
စိတ်မကောင်းမဖြစ်နဲ့။
မင်းတို့ခေါင်းဆောင်ကြီးက
သူ့မင်္ဂလာဆောင်မှာ တိုက်တွေကားတွေလက်မဖွဲ့လို့
စိတ်ဆိုးမယ့်လူစားလား။
"ငွေသော်တာရောင်ခြည်" ဆိုတော့
အရိုးသားဆုံးအပြုံးနဲ့ ပျော်နေခဲ့တာလေ။

ပြည်ထဲရေးဝန်ကြီးဦးမြ...
ခင်ဗျား...မှားတယ်။
သူ့ရုံးခန်းရှေ့က တပ်စိတ်ကို
သူဘာပြောပြော ပေကပ်ထားခဲ့ရမှာ။
အခုတော့ ကျွန်တော်တို့မှာ ပြောခွင့်မရှိတော့။

ကိုကျော့မောင်....။
သူ့မင်္ဂလာဆောင်မှာ ရွှေကြိုးသွားတားတော့
ဆွဲယူလွှင့်ပစ်လိုက်တာ စိတ်မကောင်းမဖြစ်ပါနဲ့
သူအပင်ပန်းခံသင်ယူခဲ့တဲ့ပညာတွေထဲမှာ
အဲ့လို အပိုဆားဒါးတွေမပါဘူး။

မေမြို့....
ဝမ်းနည်းစိတ်ကို ကျိတ်မှိတ်ထားတော့။
နိုင်ငံရေးလောကက ထွက်ရင်
ခြံစိုက်မယ်၊ စာရေးမယ်ဆိုတဲ့ သူ
ကျည်ဆံ ၁၃တောင့်စိုက်သွားပြီ။
ရေးလို့မကုန်အောင် ကျွန်တော်တို့ရေးနေရပြီ။

- ဟိန်း -

ရန်ကုန်ပြန်ရောက်တုန်း ရန်ကုန်ကပြောပြလို့ ကျွန်တော်သိခဲ့ရတဲ့ရန်ကုန်အကြောင်း

( ၁ )
“ ရန်ကုန် ”
“ မဟာရန်ကုန် ” တဲ့လေ …
ရန်အပေါင်းကုန်စင်တဲ့ အထိမ်းအမှတ်
အလောင်းဘုရား ကင်ပွန်းတပ်ခဲ့တဲ့မြို့။

( ၂ )
အဲ့ဒီမြို့ကြီးပေါ့ … “မီဂါစီးတီး” တဲ့
ရွံစရာအနာကြီးနဲ့ ကိုယ့်အမြီးကိုယ်ပြန်မြို
ကိုယ့်အနာဖေး ကိုယ်ပြန်ခွာ
တစ်စက်လေးမှ မသာယာနိုင်တဲ့မြို့။
ယင်တလောင်းလောင်း ၊ ပြည်တစိုစို
ညနေညိုချိန် “အေ့”ခနဲ ယင်းထ
လှောင်ချိုင့်ထဲက ရုန်းမပြနိုင်သေးတဲ့မြို့။
အနာဂတ်နိုင်ငံတော်ကိုရည်စူး
ပင်လုံရေသောက်မြစ်အတွက်
သွေးမြေကျ အာဇာနည်တွေ
ခေါင်းမော့ရင်ကော့ လက်ပမ်းခတ်ခဲ့ဖူးတဲ့မြို့။
အောင်ကျော် ၊ ဖုန်းမော် ၊
ဝင်းမော်ဦး … ၊ ….. ၊ ….
အာဏာရှင်စနစ်အောက်မှာ
ပလိုင်းပေါက်နဲ့ အိပ်မက်ကောက်ယင်း
“ မိုးပေါ်ထောင်မဖောက်ဘူး ” လို့ အပြောခံလိုက်ရတဲ့မြို့။
၆၂ – ၇၄ – ၇၆ – ၈၈ – ၉၆ – ၂၀၀၇
လောကဓံထွန်သွားရဲ့ ရိုက်ပုတ်မောင်းမဲမှုတွေကြား
နေသားတကျစီးမြော
သွေးကြွေးအထပ်ထပ် ၊ သမိုင်းအဆက်ဆက်
ဖွတ်သထက် ညစ်ပတ်လာတဲ့မြို့။
လူတစ်စုက သုဘရာဇာလုပ်
လူတစ်စုက ဂုပ်သွေးစုပ်ယင်း
ကျန်တဲ့ သတ္တဝါ ၆ သန်းကျော်က
ကိုယ့်အထုပ် ကိုယ်ပြန်ဖြည်ပြနေတဲ့မြို့။
သေနတ်ဖောက်သံကို ပန်းနဲ့ပေါက်သလောက်သဘောထား
ဆူးအထပ်ထပ်ကြားမှာ သွေးရည်လိမ်းကျံနေပေမယ့်
“ဟန် .. ကိုယ့်ဖို့ပါကွာ .. ” တဲ့
ရင်ဘတ်ပိန်ပိန်လေး ကောကော့ပြတတ်သေးတဲ့မြို့။
ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင် လို့ ဆိုရမလား
တချို့က မင်္ဂလာ ၆ ကြိမ်ဆောင်နေချိန်
တချို့က နို့ညှာကလေးသေလို့တောင်မှ
မသင်္ဂြိုလ်နိုင်တဲ့မြို့။
ဒေါင်းယောင်ဆောင်သောကျီး
ခြင်္သေ့ယောင်ဆောင်ထားတဲ့ ဖွတ်
အဖြူအစိမ်းဝတ်လို့ လမ်းသလားပြ
ရေပေါ်ဆီလက်တစ်ဆုပ်စာက
ထူးခတ်တာခံလိုက်ရတဲ့မြို့။
ဘီယာဆိုင် ၊ မာဆက်
ညကလပ် နဲ့ ကေတီဗွီ
မာကျူရီမီးသီးတွေကြား
ပျော်တော်ဆက်တဲ့ညီမလေးတွေ
ဈေးကောင်းမရနိုင်သေးတဲ့မြို့။
တစ်ချိန်တုန်းကတော့
စင်္ကာပူနဲ့ အမွှာညီအမတဲ့
ခုကျတော့ ….
ဂိုချောက်တောင် ၊ ဟူဂျင်တောင်းတို့က
နှပ်ပစ် ၊ သလိပ်ဟပ်သမျှ ခံနေရတဲ့
အရပ်ပျက်မ သာသာ တတိယကမ္ဘာကမြို့။
နွေရာသီဈေးကွက် ၊ မြက်တုခင်းလေ့ကျင့်ရေးကွင်း
အသင်းပြောင်းရွှေ့ခ ၊ နိုင်ငံခြားသားနည်းပြ
ဂျိုလေးတသသ
ခွလေး တကြွကြွလုပ်
ဆန်မရှိ သောက်စားကြီး
သုဝဏ္ဏကွင်းထဲ -ီး ၊ လချီး အတိုင်းခံရတဲ့မြို့
ငွေစကား ၊ ကြေးစကားပြောယင်း
“အနုပညာသမားပါ …”လို့ ကိုယ့်ကိုကိုယ် တံဆိပ်ကပ်ဂုဏ်ဖော်
ဆိုက္ကားသမား နဲ့ အဆိုတော်
ထပ်တူညီအချိုးကျတဲ့မြို့။
“ဒုတိယတန်းတစ်နေရာ” မှာ
“ငါးကျပ်တန်တစ်ရွက် ” ကျပျောက်တုန်း
“မိုးလိုက်လို့ရွာ” ခံရ
ပိုးထိုးလောက်ကိုက် ၊ အခွံချည်းကျန်ခဲ့တဲ့မြို့။
မီးပျက် ၊ ဖုန်ထူ ၊ ရေမရှိ
“ရေမီးရှား” လို့အခေါ်ခံရတော့
ဆတ်ဆတ်ခါ နာလိုက်သေးရဲ့
အသည်းကြားက မဲတစ်ပြားအတွက်
လမ်းတစ်ခြမ်း ခင်း ခင်းပြတတ်
ကိုရီးယားဘာသာစာတန်းထိုး အိပ်မက်အသိုးတွေနဲ့မြို့။
ရာစုနှစ်ဝက်နီးပါးခြေတော်အတင်ခံ
နု တလှည့် ၊ ကြမ်းတဖုံ
လက်သရမ်းခံခဲ့ရပုံများ
ရင်ဘတ်စည်တီး ခါးစီးခံယင်း
လင်ကောင်ဖော်ရခက်နေတဲ့မြို့။
ဘူတာရုံမှာ သင်္ဘောကြီးတွေကပ်တယ်
လေယာဉ်ပျံကို ခဲနဲ့ပေါက်ယင် ထိမယ်
တစ်လုံး ၊ နှစ်လုံး ၊ သုံးလုံး ….
မနက်တစ်နပ် ညတစ်နပ်
လက်ဖက်ရည်ဆိုင်မှာ အိပ်မက် မက်တတ်တဲ့မြို့။
ရှမ်းခေါက်ဆွဲ ၊ မာလာဟင်း
သမီးရည်းစား အတွဲများစွာ
တစ်ခါသုံးဆပ်ပြာနဲ့ တစ်ဆက်ရှင်စာဟိုတယ်ခန်းမှာ
စာရိတ္ထတွေ ကျ ကျပျောက်နေကြတဲ့မြို့။
လှည်းတန်းမီးပွိုင့်အရမ်းကြပ်သတဲ့
ဆင်ခြေဖုံးမို့ မီးဖြတ်သတဲ့
“စကော့ဈေး ၊ လေဟာပြင် ၊ သိမ်ကြီးဈေး ၊ တရုပ်တန်း”
ခုချိန်ထိ အကြွေ ၁၀၀ ပြန်မအမ်းနိုင်သေးတဲ့မြို့။
တတိယနိုင်ငံတွေဆီကလွင့်ဖိတ်လာတဲ့
ဆီဦးထောပတ်နံ့တွေရှုယင်း
ရေဒီယိုအစုတ်ကလေး ရင်မှာပိုက်
ဗိုက်ဟောင်းလောင်းနဲ့ ငိုက် တတ်သေးတဲ့မြို့။
“ကိုယ့်ဝမ်းနာ ကိုယ်သာသိပါ အမေရယ် ” တဲ့
ခဲတံကို တံတွေးဆွတ်ယင်းပြော
တောကအမေတွေဆီ စာလှမ်းလှမ်းရေးတတ်တဲ့
စားပွဲထိုး ၊ အိမ်ဖော်
လက်ပွေ့သည်လေးများ ပျော်စံရာမြို့။
“ မီဂါစီးတီး ” ဆိုတာ အဲ့ဒီမြို့ကြီးပါဘဲ။

( ၃ )
အဲ့ဒီမီဂါစီးတီးကြီးမှာဘဲ
တိုက်ပျော်၊ သေပျော်
ကျနော်အထင်ကြီးတဲ့ သူရဲကောင်းတွေရှိတယ်။
အဲ့ဒီမီဂါစီးတီးကြီးမှာဘဲ
ဟိန်းသံဟောက်သံမကြောက်တတ်တဲ့
ရဲရဲတောက်လူငယ်တွေရှိတယ်။
အဲ့ဒီ မီဂါစီးတီးကြီးမှာဘဲ
စည်းအထပ်ထပ် ၊ ရိုးအကာကာ
ပါဝါ ၅၄ လည်းရှိတယ်။
အဲ့ဒီ မီဂါစီးတီးကြီးမှာဘဲ
အပြန်နောက်ကျတဲ့သားကို
တံခါးဝခါးထောက်
မျက်နှာမာမာနဲ့ ငေါက်တတ်တဲ့
ကျနော့် မွေးမေမေ ရှိတယ်။
အဲ့ဒီ မီဂါစီးတီးကြီးမှာဘဲ
မှီခိုသူ ….
အမေ တစ် ၊ ညီ တစ် ၊ ညီမလေး တစ်
ကျနော်ချစ်ရတဲ့ အိမ်ကလေးရှိတယ်။
ဘာဘဲဖြစ်ဖြစ်
“ ရန်ကုန် ” ကိုတော့ စစ်မရှုံးစေချင်ဘူး
အဲ့ဒီ မီဂါစီးတီး မဟာရန်ကုန် ဆိုတာကြီးကို
ကျနော် ချစ်တယ် ။

- မားဆိုး -

အခု ငယ်ငယ်တုန်းကအသည်းကွဲမျဉ်းကြောင်းတိမ်းစောင်းမှု

ဝေး ရ မှ ဝေး ကို ဝေး ရ မှ ဆို တော့ လဲ ...
နင့် ကို ငါ ကမ္ဘာမကြေအောင် လွမ်း နေ လိုက်တယ်
အရှေ့ကို လျှောက် ၊ အနောက် ကို ပြန် ပြန် ရောက် တဲ့ သတ္တ၀ါ
နင့် ကို လွမ်း ဖို့ လောက် တောင် ငါ က ခေတ် မ မှီ ဘူး
သွေး ခြေ ဥ တာ က အ စ ၊ သည်း ခြေ ပျက် တာ က အ ဆုံး
ပြက် နေ ကျ ပြက် လုံး တွေ ကြား ဘာ တွေ လာ လာ ငြိ နေ မှန်း မ သိ
အပ် ချုပ် ရာ တစ် ပေါက် နှစ် ပေါက်
အ ပျင်း ထူ နေ တဲ့ စက္ကူ ရုပ် မ နင့် နောက် ကျော ကို ငါ ဘာ ဓါး နဲ့ မ ထောက် ထား ခဲ့ ဘူး
ဒီ နေ့ က မှော် အတက် နဲ့ ဖန် ဆင်း ထား တာ မ ဟုတ် ဘူး
ဒါ ပေ မယ့် တ နေ့ လုံး သေ မင်း ဆီ ဖုန်း ခေါ် နေ တဲ့ အသံ တွေ ပဲ ကြား နေ ရ တယ်
ပြာ ဖြစ် သွား တာ လား
လက် ဖ မိုး ကို လှန် ကြည့် လိုက် ရင် ကြယ် တွေ စား ကျက် ချ နေ ကျ ည အသေ ရှိ တယ်
ကမ္ဘာ ပတ် နေ တဲ့ က ဝေ မ
ကမ္ဘာ ပတ် နေ တဲ့ က ဝေ မ
သွား စမ်း သွား စမ်း . . . အံ တွေ ကြိတ် ထား ရ တာ လဲ နာ လှ ပေါ့
အ ခု အ ချိန် အ ထိ အ မှောင် တွေ ငါ့ ကျော ပေါ် ထိုး ချ နေ တုန်း ပဲ
နင့် ကို ရက် ပေါင်းများ စွာ ၊ များ စွာ ကြာ အောင် လွမ်း နေ နိုင် ဖို့
တစ် နေ့ ကို တစ် ခါ ကိုယ့် ကို ကိုယ် မသဒ္ဓါ ဆွမ်း ကျွေး ပြီး အ သက် ရှူ မ ရပ် အောင် လွမ်း ခိုင်း နေ ရ
ဝေး ရ မှ . . . ဝေး ကို ဝေး ရ မှ ဖြစ် မယ် ဆို ရင် ဝေး ကို ဝေး သွား ကြ
နိ မိတ် မ ကောင်း သူ ရယ် အောက် နှုတ် ခမ်း လှ လှ လေး ကို မ သုံး ပါ နဲ့ တော့
ဒါ ဝေး ကို ဝေး ရ မယ့် အ ခါ မို့ လို့ ဝေး ကို ဝေး ပြစ် ရ မယ်
ဒါ ဝေး ကို ဝေး ရ မယ် ဆို တဲ့ ....
ဒါ ဝေး ကို ဝေး ရ မယ် ဆို တဲ့ ... အ တွေး နဲ့ တင် ငါ က ၊ က လေး တစ် ယောက် လို မျိုး
ကိုယ့် ဦး နှောက် ကိုယ် အ မဲ ပြန် လိုက် သ လို မျိုး ၊ မ ချိ မ ဆန့် က လေး ဆန် ဆန် ငို တယ်
အ ခု ချိန် အထိ နင့် ကို လွမ်း ဖို့ လောက် ငါ့ ဦး နှောက် က ခေတ် မ မှီ ဘူး . . . . .
ဝေး ရ မှ . . .
ဝေး ကို ဝေး ရ မှ ဆို တော့ လဲ . . . ။

- ရုပ်သေး -

ရင်ဝှတ်ဂီတ

(၁)
မိုးအေးတိုင်း တွေး
လူတွေမေးရင် ခေါင်းငုံ့
အကြောက်ဆုံး အချိန်
အသံမပေးပဲ ရောက်လာပြီ ။
မပွင့်တပွင့် အပြုံး
ရှက်နေတဲ့ မျက်လုံးကြောင့်
ညီမလေး အပျိုဖြစ်ပြီဆိုတာ
ပထမဆုံး သိလိုက်ရတော့
ရင်မှာ လှိုက်ပြီးပျော်တယ် ။
လူငယ့် နိဗ္ဗာန် အ၀င်လမ်းမှာ
အချစ်ဦးဆိုတော့
သူလို ငါလိုပဲ ရူးပစ်ပါတယ်
ဖြစ်နှိုင်ရင် သက္ကရာဇ်ကိုတောင်
ကျောက်ချထားချင်ရဲ့ ။
 
(၂)
၂၀၀၄ ခုနှစ်ကို ရာဇမတ်ကာ
နှလုံးသွေးနဲ့ ထွင်းတဲ့ အက္ခရာ
ဆင်ဖိုနီ ဂီတအဖြစ်
ထာဝရ တည်ပါစေ ။
ဖြူမို့နေတဲ့ လက်ချောင်းတွေကြား
ဘ၀က အလျားလိုက်ပါး
တံခါးတစ်ချပ်ကိုတော့
ကျကျ နန ညီမလေးပိတ်ထားတယ်
မရယ်ဖြစ်ခဲ့ဘူး ။
 
(၃)
တကယ်တော့ ညီမလေးရယ်
ဘ၀ဟာ ထင်သလောက် မရိုးရှင်းပါဘူး
ကျက်နေတဲ့ စာ
တက်နေတဲ့ ပညာ
ဒါလောက်က ဘ၀ဆိုရင်
စာလုံးပေါင်းသတ်ပုံ မမှန်သေးဘူး ။
လူတိုင်းဟာ ရူးနေတာတဲ့
ဟုတ်မှာပါလေ
မိုးတွေညို တိမ်တွေအိုတိုင်း
စိတ္တဇ အသိကြောင့်
မေတ္တာတွေ စူးလို့
စိန်ပန်းပင်အိုနဲ့ ပင်လယ်ကဗွီးပင်တွေကြား
ဝတ်တွား ခယ ချင်ရဲ့
အခြေအနေ မပေးလို့
အဝေးမြင် ပန်းချီကားတစ်ချပ်ပဲ
တိတ်တဆိတ် ဆွဲနေရတယ် ။

(၄)
ရေပြင်ကြောင့်သာ ကမ်းပါးဖြစ်သလို
ရေပြင်ကြောင့်ပဲ ကမ်းပြိုရတယ်
ဒါတွေလည်း နားလည်ပါရဲ့
အချိန်တွေ တိုက်စားတာတောင်
နွေက အဆိပ်တက်
အနာတွေလည်း မကျက်သေးဘူး ။
ဟုတ်ပါတယ် ညီမလေးရယ်
မိုးပေါ်က သက်တန့်ကိုမှ
သွေကြော ဖြာယှက်
မင့်ပါးပြင်ထက်မှာ
ရွေ့ထားချင်သူ...
ဒီကောင် လူမိုက်ပါ ။
ပါးပြင်တွေ နွေးတိုင်း
အဆွေးသီချင်းဆို
ဒီအချိန်ဆို...
ညီမလေး ငိုနေမလား
ဖိနပ်တွေလည်း ပါးလှပြီ ။

(၅)
မုန်းဖို့အတွက် ဆိုရင်တော့
အကြောင်းပြချက်တွေ တပ်မနေပါနဲ့
နားဝင်ခါးလှတယ်
လောကကြီး ဖြစ်တည်လာတာတောင်
အကြောင်းပြချက်မှ မပါပဲလေ ။
လေတွေတိုက်တိုင်း စိတ်မိုက်တွေလွင့်
ပွင့်ပွင့် လင်းလင်းပဲ လွမ်းတယ်
တစ်ခါ တစ်လေ မူးမယ်
တစ်ခါ တစ်လေ ရူးမယ်
ကဗျာ တစ်ဆုပ်နဲ့ ဘဝ
လှပလာကောင်းပါရဲ့ ။
နောက်ဆုံးရေးတဲ့ မင်းရဲ့စာကြောင့်
အိမ်မက်တွေ ဓားတန်းလန်းနဲ့ သေ
ပေပေ ရေရေနဲ့ပဲ
ပလက်ဖောင်း ခေါင်အုံးညတွေ ထပ်
အဆုတ် တစ်ခြမ်းလည်း ပျက်နေပြီ ။

(၆)
တစ်ခါတစ်လေ
ထွေးတဲ့ တံထွေးမှာ အရက်နံ့ထွက်နေရင်
ဆယ်စုနှစ်တစ်ဝက် နောက်ဆုတ်
တစ်ကိုယ်စာ ကဗျာဆင်လို့
ယဉ်ယဉ်လေး လှနေမလား
ယုယု ယယတွေးရသေးတယ် ။
ဘုရားရောက်တိုင်း ဆုနှစ်ခုတောင်းတယ်
ဘ၀ဆက်တိုင်း နွားရိုင်းသာဖြစ်ပါရစေပေါ့
ပြီးတော့
ဘယ်ဘ၀ရောက်ရောက် ဓာတ်ဘဲတော့ မဖြစ်ပါရစေနဲ့လို့
ဒီအကြောင်းတွေများ သိရင်
အတွေးခေါင်ပါရဲ့လို့
ညီမလေး ဖွဖွလေး ရယ်နေမလား ။

(၇)
၂၀၀၉ ခုနှစ်
ရုပ်ရှင်ရုံတိုင်းမှာ ဟာသကားပြတယ်
မရယ်တက်တော့ဘူး
နုတ်ခမ်းတွေ အဆိပ်တက်လို့
မတ်တပ်ရပ်ပြီး ခဏ သေတယ်
ဒီလိုနဲ့
ဇာတ်ကားမပြီးပဲ အိမ်ပြန်
ဖနောင့်မှာ ဒဏ်ရာတွေ ထပ်လာပြီ ။
ဆောင်းဦးပေါက်ရင်တော့
စိတ်လွတ် ကိုယ်လွတ် လွမ်းချင်တယ်
လျှာဖျားပေါ် ခါးသက်သက်နဲ့
ဆေးပေါ့လိပ်ကို မီးညှိ
ညီမလေး မကြိုက်ဘူဆိုတာလည်း
သိပါတယ်...
အကြောင်းကြောင်းကြောင့်
ဘေးထွက် ရပ်လိုက်တာပါ ။

(၈)
အို.........ကောင်းကင်
အနာဂတ်ကို ပြတ်ပြတ်သားသား စိတ်ကူးယဉ်ဖို့
အလင်း ပြပြ ဟပေးပါ
နောင်လာ နောင်သားတွေ အတွက်
စကားတစ်ခွန်း ဆိုခဲ့ချင်ရဲ့
" အရာ အားလုံး ရှင်သန်နေတယ် "
ဒီစကား...
ညီမလေး ကြားပါစေ ။
နွေကလည်းပူ
နားတွေ အူအောင်ကြားနေရတယ်
" ဒီကောင့်ကို ထားသွားတာ " တဲ့လေ
ရပါတယ်
ရှင်မတောင် သနပ်ခါးနံ့နဲ့ကျေနပ်
တစ်ယောက်ထဲ နေတက်နေပါပြီ ။
ဟုတ်တယ်နော်
လောကကို ညီမလေး ပစ်ခွင်းချင်တဲ့ မြှားတစ်ချောင်း
ဒီကောင်များ ဖြစ်နေမလား
အပြစ်တွေ ကြေဖို့
ကြယ်ကြွေချိန်စောင့်
ဇတ်တွေလည်း ညောင်းလှပါရဲ့ ။

(၉)
ရင်ဘတ်ကိုထွန်ယက်
စိုက်ထားတဲ့ ပန်းပင်
မနမ်းချင်ပဲတော့ ဘယ်ရှိပါ့မလဲ
ပွင့်ဖတ်ကြွေကျ
မြေခပြီးနွမ်း
အဆိပ်တက်သလို
ရင်ဘတ်က တဆစ်ဆစ်နာတယ် ။
ပြီးတာတွေ ပြီးပါစေ
" တစ်ယောက်ကောင်းဖို့
တစ်ယောက် ပျက်တာ ဓမ္မတာ " ဆိုပေမဲ့
ရာဇ၀င်ထဲက သူရဲကောင်းမှ မဟုတ်တာ
နောက်ဆုံးကျတဲ့ ဒီမျက်ရည်
ဝမ်းသာလွန်းလို့ပါ ညီမလေးရယ် ။

(၁၀)
ကျန်းမာပါစေ
ချမ်းသာပါစေ
နှလုံးစိတ်ဝမ်း အေးချမ်းပါစေ
လွန်ခဲ့တဲ့ ငါးနှစ်တုန်းက
ရင်ဘတ်ထဲမှာ ကြွေတဲ့ကြယ်
အခါ ခပ်သိမ်း
အပူ အပင်တွေလည်း ငြိမ်းပါစေ ။
ကိုယ့်သမိုင်း ကျောက်စာ ကိုယ်ရေး
လောကကို...
ခပ်အေးအေးပဲ ဖြတ်သန်းတော့မယ်
ဝဋ်ကျွေးရှိရင်လည်း
ဒီဘ၀မှာ အကုန်ဆပ်မယ်
လက်တစ်ဖက်သာ ချန်ထားခဲ့ပါ ။
ဘုရား မကြိုက်
မိဘ မကြိုက်
ဆွေမျိုး မကြိုက်
ညီမလေး မကြိုက်တဲ့
ဖန်တီးမှု့တွေ အတွက်
လက်တစ်ဖက်နဲ့ ရွက်လွှင့်
ခြေရာ တစ်ချို့တော့ ကျန်ရစ်ကောင်းပါရဲ့ ။
အထပ်ထပ် ကျူးရင့်
အစီအစဉ်မကျတဲ့ ဂီတနဲ့
ရင်ဘတ်ကို အသက်သွင်း
အတိတ်က မေတ္တာ ဈာပန
ဒီနေ့ချမယ်...
လောကကြီး အသစ်ဖြစ်ဖို့
နှုတ်ခမ်းမှာ ဗီဇတပ် ကဗျာဖတ်ကြရအောင် ။ ။


- မောင်မိုးမြင့် -

မိယု မစားသွားသော ပန်းသီး

ဒီလို  မိယုရ . . .
ဘယ်ဘက် ဘောင်းဘီအိတ်ကပ်ထဲမှာ
ဘေးကြပ်နံကြပ်ဖြစ်နေတဲ့
ဗမာငွေ နှစ်ရာကျပ်က
ကဗျာတစ်ပုဒ်
အိမ်သာလေးခါတက်
မြို့ ထဲအသွားအပြန်
ပြီးတော့ . . .
နင့်ခေါင်းပေါ် ရောက်လာမယ့် ` ကလစ် ´
မဟုတ်ဘူး မေမေ
ဒါ ဆယ့်နှစ်နာရီထိုးမှ ကြားနေကျ အသံပါ
ဘယ်သူတွေလဲ
ဘယ်သူတွေလဲ
တိမ်တွေနောက် လိုက်နေတာ ဘယ်သူတွေလဲ
ဒီလောက်လဲ မချိုပါဘူး မိယုရယ် . . .
ငါကိုက ရှိုက်သံပေါက်နေတာ
လက်ဖက်ရည်ကြမ်းခွက်ထဲမှာ ပန်းတွေပွင့်သွားအောင်ပေါ့
ဟုတ်ပါတယ် မေမေ
သားကိုက အိပ်မက်နဲ့ အဆက်အသွယ်ရချင်တာပါ . . .
ဟော . . . ဟော . . .
အဲ့တာ မကောင်းဝါးဆိုးတွေ အသံပေါ့
ဒီလိုနဲ့ တစ်နာရီခြားဆီ ဝေးသွားကြ
နေပါဦး မိယုရယ် . . .
ငါတို့က ခိုတွေလိုပါပဲ
ရင်ဘတ်မဲမဲတွေပေါ် မတပ်မဖြစ် ကြယ်သီးတွေ တပ်လို့
လိပ်စာမပါဘူး မေမေ
အဲ့ဒီမှာ သူစောင့်နေလိမ့်မယ်
စနေမိုးပါ မိယုရယ် . . .
မထူးတော့ပါဘူး
ဝုန်းခနဲ ခုန်ဆင်းမိမှတော့
ကြောင်လိုမအော်တော့ဘူး
သား သူ့ကို သတိရလွန်းလို့ပါ မေမေ
သူ့ဟာ နဲ့ သူ နေတာပဲ မိယုရ . . .
ငါတို့ လိပ်ပြာတွေကိုက သန့်သန့်လေးရယ်
တရေးနိုး ထ ပြီးတော့ မိုး ကြည့်ရတာ
မောလိုက်တာ မေမေရယ်
ဒီနှစ်ကိုက ကံဆိုးရာသီလေ . . .
ယဲ့တဲ့တဲ့နဲ့ မိယုရ
ငါတို့က တစ်ယောက်ကို တစ်ယောက်
` ထောက် ´ ထားတဲ့
ဝါးဆစ်ပိုးတွေကိုး . . . ။

ဒီလိုနဲ့ ပန်းတွေ ပွင့်လာကြစေသတည်းပေါ့
မိယုရယ် . . .
ဒီလို မေမေ ဒီလို
ပိုးစားနေတဲ့ စိတ်က
သားနောက်လိုက်
ခွာရာတွေက လိပ်ကျန်ရစ်

သွားပါပြီ
ကြယ်တခြမ်း လတခြမ်းနဲ့  ( . . . . . . . )
သူက သားအိပ်မက်ဟောင်းထဲက
တိမ်ဖြူမ
မြုပ်လိုက် ပေါ်လိုက်ပါပဲ မိယုရေ
ဆွေး . . . ဆွေး . . . ဆွေး
ဆွေး ဆွေး လေး
နာရီနောက်ကနေရင်း
လက်တံတိုလေးကို မမှီမကမ်း
လွမ်းတယ်
အိပ်လို့မပျော်ပါဘူး မေမေရယ်
ပေါ်လိုက် ပျောက်လိုက်နဲ့
ရေစီးကျသံတွေကြားရ
သူတို့ ပျေက်သွားပြန်ပြီ မေမေ
သူတို့ ပြန်ပေါ်လာပြန်ပြီ
ဒီလိုပါပဲ
မိယုရယ် . . .
ဟိုးနားက ကျပ်ခိုးတွေပေါ်မျာ ကပ်
လက်ချိုးရေကြည့်နေတာ
မပြီးသေးဘူး
` ချောက် ´ ဆို တံခါးပိတ်သွားတဲ့
ပန်းသီးလေး
ခါးလိုက်တာ မေမေရယ်
သားတော့ သေမှာပဲ
သူမရှိတော့ဘူး
သူတို့လဲ မရှိတော့ဘူး
သားတော့ သေမှာပဲ
ငွေ့ ငွေ့ လေးပဲ လောင်သွားတာ မိယုရဲ့
ဒါပေမယ့်
ခြောက်ခမ်းနေတဲ့ နှုတ်ခမ်းပါးက
ခြေရာ လက်ရာပျက်သွားတာ
ငါတော့ သေမှာပဲ . . . မိယုရယ် . . . ။

- ရုပ်သေး -

မုတ်သုံမြို့ရဲ့ သတို့သမီး

တာ ယာ ဖိ နပ် စုတ် က တစ် ရံ . .
ကိုင်း ကျိုး ထီး ရဲ့ တစ် ဖက် မှာ  သူ့ ဆ န္ဒ တွေ က
ဟိုး တဲ ငယ် က  သူ့ မျက် နှာ ငယ် လေး တွေ ပေါ် မှာ
ပွေ့ ထား တဲ့ တောင်း လေး က  သား ဆိပ် တက် နေ တဲ့
ထ မင်း ထုပ် လေး ကို  မြုပ် လို့ ပေါ့
သူ့ ပါး ပေါ် က လှိုင်း တွေ  လိပ် တက် လာ တိုင်း
ရှေ့ က ရေ အိုင် လေး က  ချိုင့် ၀င် ပေး နေ တယ်
မီး ခွက် ထဲ က  တဲ လေး က  မှိုင် ပြ ပြ   ကြိုလို့
လှ ပါ တယ်  အ မေ ရယ် ...
ကျွန် တော် တွေး မိ တိုင်း  ညာ ဘက် လက် မှာ  မိုး ရွာ ပါ ၏ ။   ။


- မောင်မိုးချို -

ကျွန်တော်ဖွင့်ခဲ့ရသော မြို့ပြ၏တံခါးများ

မြန်နှုန်းမြင့်ဘ၀ ထဲမှာ
တစ်ရက် နဲ့ တစ်ရက်က ဘာမှမကြာလိုက်ဘူး
ခဏခဏ ဝေ့ဝိုက်ကျလာတဲ့ ဆန္ဒတွေ သပ်တင်ရင်း
ကျွန်တော့်လက်ကြားက သိက္ခာတွေပါးပါးလာတယ်
ဟော . . . .
ဒါ ကျွန်တော့် အခုနေတဲ့ မြို့ကြီးပေါ့
မေတ္တာခေါင် အပြုံးရှား
အမြဲ အတွေးတွေ လှောင်နေတယ်
အလင်းဆိုင်ဆိုတာ . . .
စမ်းချောင်းမှာတွေ့လား တာမွေမှာတွေ့လား
ည အိပ်ချင်မှ အိပ်မယ်
မနက်ဆိုစောစောထရမယ်
မထချင်ဘူးလား
စောစောပဲထရတယ်
"ပဲပြုတ်"
ဒါ ကျွန်တော်ရဲ့ မနက် ၆ နာရီ နှိုးစက်ပါ
မယုံဘူးလား
နောက်တစ်နာရီဆို
"ယခု မြန်မာစံတော်ချိန် နံနက် ၇ နာရီ ရှိပါပြီ"

မြို့ပြက နိုးတဲ့မနက်မှာ
စောစောစီးစီးပဲ လ္ဘက်ရည်ဆိုင်ကို ထထွက်တယ်
ခပ်ကုပ်ကုပ်ဆိုင်ရဲ့ ထောင့်ကျကျစားပွဲမှာ
တစ်ယောက်တည်းရန်ဖြစ်လို့ကောင်းတယ်
"ငါမှန်တယ်"
"ငါမမှားဘူး"
"မင်းကဗျာမှာ သီအိုရီမပါဘူး"
"မင်းကဗျာကရော ကာလာစုံလို့လား"
လည်ချောင်းထဲက ရေနွေးကြမ်းခါးခါး ကို
ဆေးပေါ့လိပ် အငွေ့တွေနဲ့ မျောချ
လေတွေ ဟောင်ဖွာဖွာနဲ့ ရောချ
ပြီး . . . .
လက်ထဲက ဘဝ က လှုပ်လှုပ် လှုပ်လှုပ် နဲ့
တစ်ချိန်ချိန်မှာ ( ခဏ အတွင်းမှာ )
ပြိုလဲဖို့ . . .
ခလုတ် နှိပ်ပြီးသား မိုင်းတစ်လုံးလို ပါလာတယ်
မြစ်ရေကြီးတယ် ၊ မိုးခေါင်ရေရှားတယ် ၊ ကဗျာဆရာတစ်ယောက်သေတယ်
ကျွန်တော်တို့ မြို့နယ်က မီးတိုင်တွေ
ညနေဆို မှိန်မှိန်လေးလင်းလာတယ်
မီးတိုင်ရဲ့ တစ်ချက်ချင်းအလင်းကိုရောရင်း
ကျွန်တော်နဲ့ ကျွန်တော့်စကားလုံးတွေ
အရက်ဖြူကိုမြည်းတယ်
ပြင်းရှရှစကားလုံးတွေ တစိမ့်စိမ့်လှတယ်
တစ်ချို့ မီးရောင် မှိန်မှိန်အောက်မှာ
ဘဝတွေကို ဘီယာ နဲ့မြည်းတယ်
ဒီအတ္တတွေ တိုက်ချွတ်ဆေးဖို့တော့
ပြက္ခဒိန်တွေက စုတ်ဖြဲလို့ မလုံလောက်သေးဘူး
"ကျေးဇူးပြုပြီးကြာမယ်ထင်ရင်
လမ်းဘေးချရပ်ပေးပါ"
ဒီမြို့ပြမှာ အားလုံးပုံမှန်ပဲ စီးဝင်သွားတယ်
ကဗျာဆရာ တစ်ယောက်ဖြစ်တယ်
ကျောင်းသားတစ်လှည့် အလုပ်သမားတစ်လှည့်ဖြစ်တယ်
"ကျွန်တော်ထင်ထားပြီးသားပဲ
ဒီပလပ်စတစ် ထိုင်ခုံအကျိုးနဲ့
ဟိုအစ်ကို ထိုင်တဲ့ ဆိုဖာ မလဲပါဘူးဗျာ"
ကျွန်တော် မကြိုက်တဲ့
အနီရောင်ဝတ် နံပါတ် ( ၇ ) တော့ မဟုတ်ဘူး
အမြဲတော့ ကော်လာထောင်တယ်
ဒါပေမယ့် ကော်လာက ကျွန်တော့် ဘဝလိုပဲ
အမြဲ ခေါက်ရိုးကျိုးကျလာတယ်

လမ်းပေါ်ကကောက်ရတဲ့ သူငယ်ချင်းတွေထဲက
မနေ့ညမှာ တစ်ယောက်ပါမလာဘူး
ရပ်နေတဲ့ အတွေးတွေနဲ့
တစ်ချိန်က အသစ်ဖြစ်ခဲ့တဲ့ သူငယ်ချင်းကို
အတွေးဟောင်းတွေနဲ့
နှုတ်ခမ်းတွေ အလျားလိုက်ဆွဲဆန့်ကြရင်းပြန်တွေ့တယ်
တဆိတ် . . .
ပေါ့အိလွန်းသား စကားတစ်ခွန်းမှမဆိုဘူး
သူ့ဘေးက လွယ်အိပ်လို ကန့်လန့်ပဲ ထွက်သွားတယ်
(မြို့ပြမှာ ဒီလိုပဲ ၀င်တိုက်ကြတယ်)
ကဗျာဆရာတွေ စကားလုံးတွေ တိုက်ကြတယ်
ကျွန်တော်တိုပ ဘယ်သူမှန်းမသိပါပဲ လူလူချင်းဝင်တိုက်ကြတယ်
တစ်ချို့ . . . ဘီယာခွက်ချင်းတိုက်ကြတယ်
တစ်ချို့ . . . ဘဝတွေချင်းတိုက်ကြတယ်
နောက် အားလုံးထထွက်သွားတယ်
ရပ်ရမယ့်နေရာတစ်ယောက်မှ မတူဘူး
( ကျွန်တော်ဆက်သွယ်မှု ဧရိယာပြင်ပ ရောက်ရှိနေပါသဖြင့်)
ကျွန်တော်ရပ်ထားတဲ့နေရာမှာ
ကဗျာစာရွက်အဟောင်းတွေ ရှိမယ်
ခဲပန်းချီ ဖျက်ရာတွေရှိမယ်
အခုဟောင်သွားတဲ့ ကဗျာအသစ်တွေရှိတယ်
ခဲတံအတို နဲ့ ဆေးလိပ်တိုတွေ ရှိတယ်
ဒါတွေ ညလယ်စာအဖြစ် ကျွန်တော်စားခဲ့တယ်
ကျွန်တော် သူ့ငယ်ချင်းတစ်ချို့ ဒီလိုပဲစားတယ်
"စိတ်ကို ကိုယ်ကလွှတ်ပြီး ကြပ်တည်းပါရစေ
နေပါစေ နေပလေ့စေ
အားလုံး တစ်လမ်းမောင်းပဲကောင်းပါတယ်"
ဘေးလူတွေကြည့်ရင်တစ်ယောက်မှ ပုံမလာဘူး
မာနတွေထိုးထိုးထောင်ထောင်နဲ့
စကားလုံးတွေ လူနဲ့မလိုက်အောင်
လုစားကြတယ်
အိပ်မက်တွေတော့ မချိုကြပါဘူး
ခဏ ခဏ
အတိတ် နဲ့ အနာဂါတ် ပိတ်ပြီးသာအိပ်ကြရတယ်
ပတ္တာတွေ တအီအီနဲ့
ကျွန်တော် ဖွင့်မိတဲ့ တံခါးတွေ
လေးလေးပင်ပင်ပွင့်သွားကြတယ်

- မောင်မိုးချို -